ယခုရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ပျောက်ဆုံးခဲ့လျှင် ယူရိုပါလိဂ် မကစားလိုဟုပြောကြားထားသော စီရော်နယ်လ်ဒို အသင်းမှ ထွက်ခွာဖွယ်ရှိဟု သတင်းများဖော်ပြ ယခုရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးခဲ့လျှင် ယူရိုပါလိဂ်ပြိုင်ပွဲ မကစားလိုဟု ပြောကြားထားသော စီရော်နယ်လ်ဒိုအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော် ပြခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် ဖာဂူဆန်ခေတ်လွန် နည်းပြ ဆိုးလ်ရှားလက်အောက်၌ ပထမဆုံးဆုဖလား ရယူနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ပြီးခဲ့သည့်နွေရာသီက မန်ယူအသင်းသို့ အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် မန်ယူအသင်းမှာ ယခုရာသီတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်အတွက် ခက်ခက်ခဲခဲရုန်းကန်ရမည့် အနေအထား ရောက်ရှိနေသည်။ မန်ယူအသင်း အဝတ်လဲခန်းအတွင်း စီရော်နယ်လ်ဒိုကြောင့် ကစားသမားများအကြား စည်းလုံးမှုပြိုကွဲနေသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ပြီး ယင်းမှာ ၎င်းမျှော်လင့်ထားသည့် အခြေအနေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ စီရော်နယ်လ်ဒို၏ကိုယ်စားလှယ်များသည် အနာဂတ်အတွက် လာမည့်လတွင် အက်ဝုဒ်ဝက်ဒ်ထံမှ အမှုဆောင်အရာရှိချုပ်ရာထူးကို လွှဲပြောင်းရယူမည့် ရစ်ချတ်အာနိုးလ်နှင့် ဆွေးနွေးထားပြီးဖြစ်သည်ဟု The Sun သတင်းစာက ရေးသားခဲ့သည်။ လာမည့်လတွင် ၃၇ နှစ်ပြည့်မည့် စီရော်နယ်လ်ဒိုသည် ထိပ်တန်းအဆင့်ခြေစွမ်းဖြင့် အသက် ၄၀ အရွယ်အထိ ဘောလုံးကစားနိုင်လိမ့်မည်ဟု ယုံကြည်နေပြီး သူ၏ကစား သမားဘဝကို ပိုမိုမြင့်မားသည့်အောင်မြင်မှုဖြင့် အဆုံးသတ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်အပတ်က Sky Sports နှင့်တွေ့ဆုံမှုတွင် စီရော်နယ်လ်ဒိုက "အဆင့် ၅၊ ၆၊ ၇ နေရာတွေအတွက် ကြိုးစားနေရတာမျိုး ကျွန်တော် မလိုချင်ဘူး။ ဒီအသင်းမှာ အောင်မြင်မှုရဖို့ပဲ ကြိုးစားမှာပါ။ ဒီကလပ်အသင်းကိုချစ်လို့ ကျွန်တော် မန်ချက်စတာကို ပြန်လာတာ ဖြစ်တယ်။ ငွေကြောင့် ဒါမှမဟုတ် တခြားကိစ္စတွေကြောင့်လည်း မဟုတ်ပါဘူး။ ဒီအသင်းဟာ အရေးပါတဲ့အောင်မြင်မှုတွေ ရယူနိုင်စွမ်းရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ အပြောင်းအလဲ လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ရင် အောင်မြင်မှုကြီးကြီးမားမားလည်း ရနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲကစားရာတွင် ၁၄ ဂိုးအထိသွင်းယူထားသော်လည်း သူ့ကြောင့် အသင်း၏ Team Work ပိုင်း ပျက်စီးစေခဲ့သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

Share: