ကွန်တီသည် နိုင်ပွဲဆာလောင်စိတ်ကိုပါ သယ်ဆောင်လာခဲ့ပြီး စပါးအသင်းသည် ပျော့ညံ့သည့်အသင်းမဟုတ်တော့ဟု ပီတာခရော့ချ် သုံးသပ် စပါးအသင်း၏ ကစားသမားဟောင်းနှင့် ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ်ဆောင်ရွက်နေသည့် ပီတာခရော့ချ်က သူ၏အသင်းဟောင်း စပါးအသင်းနှင့်ပတ်သက်ပြီး နည်းပြ ကွန်တီသည် အသင်းထံသို့ နိုင်ပွဲဆာလောင်စိတ်ကိုပါ သယ်ဆောင်လာခဲ့ပြီး စပါးအသင်းသည် ပျော့ညံ့သည့် အသင်းတစ်သင်း ပြန်မဖြစ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ စပါးအသင်းသည် လက်စတာအသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း နောက်ဆုံးမိနစ်များတွင် တောင်ပံကစားသမား စတီဗင်ဘာ့ဂ်ဝင်းချ်၏ သွင်းဂိုး (၂)ဂိုးဖြင့် ချေပဂိုး၊ အနိုင်ဂိုးများ ရရှိကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဘာ့ဂ်ဝင်းချ်သည် ပွဲချိန် (၇၉) မိနစ်တွင် လူစားဝင်လာခဲ့ပြီးနောက် နာကျင်အချိန်ပို (၅)မိနစ်တွင် ချေပဂိုးသွင်းယူကာ နောက် (၂)မိနစ်အကြာတွင် အသင်းအတွက် အနိုင်ဂိုးကို ထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။ ပီတာခရော့ချ်က ''ကွန်တီက သူနဲ့အတူ နိုင်ပွဲဆာလောင်စိတ်ကိုပါ တစ်ခါတည်းသယ်ဆောင်လာခဲ့တယ်။ ဒီအရာဟာ စပါးအသင်းမှာ ကာလရှည် လိုအပ်နေတဲ့အရာဖြစ်ပြီး ဒီအရာကြောင့်ပဲ သူတို့အသင်းရဲ့ ပျော့ညံ့မှုတွေ၊ ရှုံးပွဲတွေကို မြင်တွေ့နေရတာဖြစ်တယ်။ ဒါပေမဲ့ သူက ဒီ အသင်းကိုရောက်လာပြီး ဒီအခြေအနေကို ပြောင်းလဲနိုင်ခဲ့တဲ့နောက် စပါးအသင်းဟာ အရမ်းကောင်းမွန်တဲ့ အခြေအနေကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းပြန်ဖြစ်လာခဲ့ပြီး သူတို့ရောက်ချင်တဲ့ နေရာကို ပြန်သွားနိုင်တော့မယ်။ အခုအချိန်မှာ စပါးအသင်းအတွက် ထိပ်ဆုံး (၄)သင်းအတွင်းဝင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ ရှိတဲ့အရာဖြစ်ပြီး စပါးအသင်းပရိသတ်တွေကလည်း သူတို့ အသင်းအပေါ် ပိုပြီးယုံကြည်မှုရှိလာကြပါပြီ''ဟု ပြောကြားခဲ့သည်။

Share: