ဘရန့်ဖို့ဒ်နှင့်ပွဲတွင် လူစားလဲခံရပြီးနောက် စီရော်နယ်လ်ဒို ဒေါသပေါက်ကွဲခဲ့ပြီး စီရော်နယ်လ်ဒို ဒေါသထွက်လည်း လိုအပ်လျှင် ထပ်လဲဦးမည်ဟု ရန်းနစ်ဆို မန်ယူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဘရန့်ဖို့ဒ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် လူစားလဲခံရပြီးနောက် ဒေါသပေါက်ကွဲခဲ့ပြန်ပြီး အသင်းနည်းပြဖြစ်သူ ရဲ့လ်ဖ်ရန်းနစ်ကမူ စီရော်နယ်လ်ဒို ဒေါသထွက်သော်လည်း လိုအပ်ပါက မိမိအနေဖြင့် ၎င်းကို ထပ်မံလူစားလဲဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီရော်နယ်လ်ဒိုသည် ယင်းပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ပွဲချိန် (၇၂)မိနစ်တွင် လူစားလဲခံခဲ့ရခြင်းဖြစ်ကာ ကွင်းဘေးစည်းတွင်လည်း ရန်းနစ်ကို မကျေနပ်ကြောင်း ပြသခဲ့သည်။ ထို့အတူ အရန်ခုံတန်းတွင်ထိုင်နေစဉ်အတွင်းလည်း ဒေါသပေါက်ကွဲနေသည်ကို ရုပ်သံနှင့် မီဒီယာစာမျက်နှာများတွင် မြင်တွေ့ခဲ့ရသည်။ ရန်းနစ်ကမူ စီရော်နယ်လ်ဒိုကို လူစားလဲခဲ့ခြင်းအတွက် အကြောင်းအရင်း (၂ )ခုကို ပြောကြားခဲ့ပြီး ကစားသမား၏ ရှေ့လာမည့်ပွဲစဉ်များအတွက် ကာကွယ်ခြင်းနှင့် နည်းဗျူဟာပိုင်း လိုအပ်ချက်အရ အက်စတွန်ဗီလာနှင့်ပွဲမှအမှားမျိုး ထပ်မံကျူးလွန်လိုခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်းနစ်သည် စီရော်နယ်လ်ဒိုအား မန်ယူအသင်း (၂-၀)ဂိုးဖြင့် အနိုင်ရနေချိန်တွင် လူစားလဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာတွင် မက်ဂွိုင်းရားကို ထည့်သွင်းကာ (၃)ယောက်တန်းခံစစ်ပုံစံ ပြောင်းလဲကစားခဲ့ခြင်းလည်း ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် အရန်ခုံတွင် ထိုင်နေစဉ်အတွင်း ''ငါ့ကို ဘာလို့လဲရတာလဲ''ဟု မကျေမနပ်ရေရွတ် နေကြောင်း မီဒီယာများက ရေးသားဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ရန်းနစ်ကလည်း ကွင်းဘေးစည်းတွင် ၎င်းနှင့် တွေ့ဆုံချိန် စီရော်နယ်လ်ဒိုက ''ဘာကြောင့် ငါ့ကို ထုတ်ရတာလဲ''ဟု မေးခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့ပြင် ရန်းနစ်က ထိုအချိန်က သူသည် ''နားထောင် ခရစ္စတီယာနို၊ ငါအခုလို ဆုံးဖြတ်တာက ကလပ်အသင်းရဲ့ အကျိုးအတွက်ပဲလို့ ပြန်ပြောခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ ရန်းနစ်က ဆက်လက်ပြီး ''ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ (၅) ရက်လောက်က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒီလိုအနေအထားအတိုင်း ကွက်တိဖြစ်ခဲ့ပါတယ်။ (၂-၀) နဲ့ဦးဆောင်နေပြီး (၁၅) မိနစ်အလိုမှာ သရေကျသွားခဲ့တယ်။ ဒါကြောင့် တူညီတဲ့အမှားကို ကျွန်တော်ထပ်ပြီး မကျူးလွန်ချင်ပါဘူး။ ကျွန်တော်က ခံစစ်မှာ (၃)ယောက်တန်းခံစစ်နဲ့ ကစားသမား (၅)ဦးထားချင်ခဲ့ပြီး ဒီအတွက် မက်ဂွိုင်းရားနဲ့ မြန်နှုန်းမြင့်တောင်ပံကစားသမားတစ်ဦးအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ထည့်သွင်းချင်ပါတယ်။ ဒီဆုံးဖြတ်ချက်က မှန်ကန်တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ စီရော်နယ်လ်ဒိုက ရည်မှန်းချက်ကြီးပြီး အရမ်းဂိုးသွင်းချင်တဲ့ကစားသမားမို့ သူဒီလိုဖြစ်တာကို နားလည်ပါတယ်။ ဒါပေမဲ့ လိုအပ်လာရင် သူ မကျေနပ်လည်း ကျွန်တော် လူစားထပ်လဲဦးမှာပါ''ဟု ပြောကြားခဲ့သည်။

Share: