အာဆင်နယ်အသင်း ၂၀၀၅နောက်ပိုင်း ပြိုင်ပွဲစုံ(၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း နိုင်ပွဲရယူနိုင်ခြင်းမရှိသေးဘဲ ဖလားပြိုင်ပွဲနှစ်ခုမှ ထွက်ခဲ့ရ အာဆင်နယ်အသင်းသည် ဘန်လေနှင့်ပွဲတွင် အိမ်ကွင်း၌ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲစုံ (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးသည့် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ပြန်လည်ကြုံတွေ့ခဲ့သည့် မှတ်တမ်းဖြစ်ကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြိုင်ပွဲစုံ (၅)ပွဲဆက် အနိုင်ရရှိသည်အထိ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် (၅)ပွဲတွင်မူ (၂)ပွဲသရေ၊ (၃)ပွဲ ရှုံး နိမ့်ပြီး နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့ပေ။ အာဆင်နယ်အသင်းသည် မန်စီးတီး၊ နော်တင်ဟမ်ဖောရက်စ်နှင့် လီဗာပူးလ်တို့ကို ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်နှင့် ဘန်လေတို့ကို သရေကျခဲ့ခြင်းဖြစ်သည်။ ရှုံးနိမ့်ခဲ့သည့်ပွဲများထဲတွင် FA ဖလားနှင့် လိဂ်ဖလားပွဲများ ပါဝင်ခဲ့သည့်အတွက် ဖလားပြိုင်ပွဲနှစ်ခုမှ ထွက်ခွာခဲ့ရသည့်အခြေအနေလည်းဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုသာ ဆက်လက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ အာဆင်နယ်အသင်းသည် ယခုကဲ့သို့ ရလဒ်များကျဆင်းခဲ့သည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယား အဆင့် (၆)နေရာသို့ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်လည်း ပြန်လည်လျော့ ကျခဲ့ရသည်။ အာဆင်နယ်အသင်းသည် ၂၀၀၅-၀၆ ရာသီတွင်လည်း ယခုကဲ့သို့ (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုနှင့် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ၂၀၀၅ ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲနှင့် ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲတွင် ဂိုးပေါက်ပျောက်ခဲ့ခြင်းဖြစ်သည်။ ယခု (၁၆)နှစ်အကြာတွင်မှ နောက်တစ်ကြိမ် (၄)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ် ပိုမိုအထိနာစေကြောင်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြသည်။

Share: