မန်ယူအသင်းအတွက် နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သည့် ရပ်ရှ်ဖို့ဒ်ကို အင်္ဂလန်၏ ထိပ်တန်းတိုက်စစ်မှူးများထဲမှ တစ်ဦးဟု ရန်းနစ် ချီးကျူး မန်ယူနည်းပြ ရန်းနစ်က အသင်းအတွက် နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခဲ့သည့် ရပ်ရှ်ဖို့ဒ်ကို အင်္ဂလန်၏ ထိပ်တန်းတိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီများက အသင်း၏တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့သူဖြစ်သော်လည်း ယခုရာသီတွင် ရုန်းကန်နေခဲ့ရပြီး ပရီးမီးယားလိဂ်၌ နှစ်ပွဲဆက်ဂိုးသွင်းနိုင်ခြင်းမှာ တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ရပ်ရှ်ဖို့ဒ်သည် ၂၀၂၀ ဒီဇင်ဘာလက လက်စတာနှင့် ဝုလ်ဗ်အသင်းတို့ကို နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း ယခုမှ ပရီးမီးယားလိဂ်နှစ်ပွဲဆက် ဂိုးပြန်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဝက်စ်ဟမ်းနှင့်ပွဲမှ သွင်းဂိုးမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးဖြစ်ခဲ့ခြင်းကြောင့် နည်းပြ ရန်းနစ်က ယခုကဲ့သို့ ချီးကျူးခဲ့ခြင်းလည်းဖြစ်သည်။ ရန်းနစ်က "မားကပ်စ်ဟာ အင်္ဂလန်က ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ ပြီးတော့ ခေတ်သစ်တိုက်စစ်မှူးတစ်ဦးမှာ လိုအပ်တဲ့အရာအားလုံးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ဒီသွင်းဂိုးနှစ်ဂိုးက သူ့ရဲ့ ယုံကြည်မှုကို မြင့်တက်စေပါလိမ့်မယ်။ သူလမ်းကြောင်းမှန် ပေါ် ပြန်ရောက်လာပြီး ရာသီလက်ကျန်ပွဲတွေမှာ အသင်းအတွက် အရေးပါတဲ့နေရာကနေ ကစားသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ဘရန့်ဖို့ဒ်နှင့်ပွဲ၌ အသင်းအတွက် တတိယဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဟမ်းနှင့်ပွဲတွင်မူ တစ်လုံးတည်း သောအနိုင်ဂိုးကို နာကျင်အချိန်ပိုတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ရပ်ရှ်ဖို့ဒ်အနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ယင်းကဲ့သို့ မိနစ် (၉၀)နှင့် နောက်ပိုင်းတွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ (၄)ကြိမ်မြောက်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အကြိမ်အများဆုံး သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အသင်းအတွက် ပွဲချိန်ပြည့် အာရုံစိုက်ကစားတတ်သူဖြစ်ကြောင်း ချီးကျူးမှုများလည်း ရှိခဲ့သည်။ နည်းပြ ရန်းနစ်သည် ယင်းပွဲတွင် မာစီယဲလ်ကိုလည်း လူစားဝင်ကစားသမားအဖြစ် ပြန်လည်အသုံးပြုခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ရန်းနစ်က "ကျွန်တော်တို့ နောက်ဆုံးစကားပြောဖြစ်ခဲ့ချိန်မှာ အသင်းက ထွက်ခွာမှာပဲဖြစ်ဖြစ်၊ အသင်းမှာ ဆက်ရှိမှာပဲဖြစ်ဖြစ် နောက်ဆုံးနေ့ရက်အထိ ပရော်ဖက်ရှင်နယ်ပီသရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ နောက်ဆုံးနှစ်ပွဲမှာ အသင်းရဲ့လူစာရင်းထဲ သူပါဝင်ခဲ့ပြီး ဒီပွဲမှာတော့ သွင်းဂိုးအတွက် အရေးပါတဲ့နေရာက ပါဝင်ခဲ့ပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းမှာ တခြားတိုက်စစ်မှူးတွေလည်းရှိနေတာကြောင့် သူ့ဆန္ဒအတိုင်း ထွက်နိုင်တယ်လို့ ခွင့်ပြုပေးခဲ့တာပါ" ဟု ပြော ကြားခဲ့သည်။

Share: