အန်ဆူဖာတီ၏ဒဏ်ရာ ခွဲစိတ်ကုသရန်လိုမလို ယနေ့ ဆုံးဖြတ်မည်ဖြစ်ပြီး ဒဏ်ရာထပ်မရစေလိုတော့ကြောင်း ဇာဗီ ပြောကြား ဘာစီလိုနာအသင်း လူငယ်ကြယ်ပွင့် အန်ဆူဖာတီ၏ဒဏ်ရာကို ခွဲစိတ်ကုသရန်လိုမလိုအတွက် ယနေ့ (တနင်္လာနေ့) ဆုံးဖြတ်မည်ဖြစ်ပြီး ဒဏ်ရာထပ်မရစေလိုတော့ကြောင်း နည်းပြဖြစ်သူ ဇာဗီက ပြောကြားသည်။ အသက် ၁၉ နှစ်သာရှိသေးသည့် စပိန်လက်ရွေးစင် ကြယ်ပွင့်ကစားသမား အန်ဆူဖာတီသည် ပြီးခဲ့သည့်နှစ်ကတည်းက ဒဏ်ရာများဖြင့် ရုန်းကန်နေရပြီး ကြာသပတေးနေ့က ဘီလ်ဘာအိုအသင်းနှင့် စပိန်ဘုရင့်ဖလားပွဲတွင်လည်း ဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ အန်ဆူဖာတီသည် ယင်းပွဲတွင် ဒုတိယပိုင်း ၆၁ မိနစ်မှသာ လူစားဝင်ရောက်ကစားခဲ့သော်လည်း ဝဲဘက်ပေါင် ကြွက်သားဒဏ်ရာ ရရှိခဲ့သောကြောင့် အချိန်ပိုပထမပိုင်း ၉၆ မိနစ်တွင် လူ စားပြန်လဲခဲ့ရသည်။ ဘာစီလိုနာအသင်းအနေဖြင့် ၎င်း၏ဒဏ်ရာ အားခွဲစိတ်ကုသရန်လိုမလို တနင်္လာနေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် ၎င်းအား ဒဏ်ရာထပ်မရစေလိုတော့ကြောင်း ဇာဗီက စနေနေ့တွင် ပြောကြားသည်။ "ဒါက ခက်ခဲတဲ့အခြေအနေပါ။ ဒဏ်ရာထပ်ရသွားတဲ့ကိစ္စအတွက် သူ့ရဲ့မိသားစုနဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ သူ့ကို စိတ်ပိုင်းဆိုင်ရာပါ ပြန်ကောင်း လာစေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ခက်ခဲတဲ့ အခိုက်အတန့်မို့ပါ။ ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်။ ထပ်ပြီးတော့လည်း ဒဏ်ရာတွေမရစေချင်ပါဘူး။ သူ့အတွက် ဒဏ်ရာကနေ ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခု ကျွန်တော်တို့ စီစဉ်သွားမှာပါ။ ဘာလုပ်ရမလဲဆိုတာကို တနင်္လာနေ့မှာ အန်ဆူဖာတီနဲ့အတူ ဆုံးဖြတ်သွားမှာပါ။ တနင်္လာနေ့မှာ အန်ဆူနဲ့ ဆွေးနွေးပြီးတော့ အသင်းဆရာဝန်တွေက ဆုံးဖြတ်ပါလိမ့်မယ်။ ဒါက ထပ်တလဲလဲဖြစ်နေတဲ့ ဒဏ်ရာပါ။ ဒီဒဏ်ရာက ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုကနေ လွတ်သွားပါပြီ။ နောက်ထပ်ဒဏ်ရာတွေ ဘယ်တော့မှမရစေဖို့ သေချာပြီး ပြည့်စုံတဲ့အစီအစဉ်တစ်ခုရတော့မှာပါ။ သူ့အတွက်တော့ စိတ်မကောင်းပါဘူး။ သူက ယုံကြည်မှုပြန်ရလာပြီး ကောင်းကောင်းပြန်လုပ်နေတုန်းရှိသေးတာပါ။ သူက အသင်းအတွက် အများကြီး အကျိုးပြုနိုင်တဲ့သူပါ။ ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်။ အထင်ကြီးလောက်စရာ ကစားသမားတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတာပါ။ ဒါက ကျွန်တော်တို့ အားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ အန်ဆူအပေါ်ပဲ သက်ရောက်တာပေါ့။ သူ့ကို ဒဏ်ရာတွေအကြောင်း မေ့ထားပြီး စိတ်ပိုင်းဆိုင်ရာပြန်ပြီး ကောင်းမွန်လာအောင် လုပ်ပေးရပါမယ်။ ကျွန်တော်တို့ကတော့ အပြုသဘောပဲတွေးပါတယ်။ နောက်ထပ် ဒဏ်ရာတွေ ဘယ်တော့မှမရစေဖို့ လည်း မျှော်လင့်ပါတယ်" ဟု ဇာဗီက ပြောကြားသည်။ အန်ဆူဖာတီသည် လာမာစီယာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် ဂန္ထဝင်ကစားသမား မက်ဆီ၏ နံပါတ် ၁၀ ကို ဆက်ခံခွင့်ရရှိထားသူဖြစ်သည်။ ၎င်းသည် အသက် ၁၆ နှစ် ၂၉၈ ရက်မှာပင် ဘာစီလိုနာစီနီယာအသင်းတွင် စတင်ကစားခွင့်ရပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအသက်အငယ် ဆုံး ပွဲကစားခွင့်ရသူ၊ ၁၆ နှစ် ၃၀၄ ရက်ဖြင့် အသင်း၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ၊ လာလီဂါသမိုင်းတစ်လျှောက် တတိယမြောက်အသက် အငယ်ဆုံးဂိုးသွင်းသူ၊ ၁၆ နှစ် ၃၁၈ရက်ဖြင့် လာလီဂါသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲအတွင်း သွင်းဂိုးနှင့် ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးကစားသမား၊ ၁၆ နှစ် ၃၂၁ ရက်ဖြင့် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်တွင် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူ စသည့်မှတ်တမ်းများ ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် ၎င်းးအနေဖြင့် ဒဏ်ရာများကြောင့် နှစ်ရာသီအတွင်း ပွဲ ၂၀ သာ ကစားခွင့်ရထားသည်။

Share: