ရွေးကောက်ပွဲအရေးနိမ့်ခဲ့သော်လည်း တိုင်းပြည်နှင့် ဆင်းရဲသူများအတွက် ပံ့ပိုးပေးသွားမည်ဟု ပက်ကီယောင်း ကတိပြု


မေလ ၉ ရက်ကပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် လက်ဝှေ့အကျော်အမော် ပက်ကီယောင်းမှာ အရေးနိမ့်ခဲ့သော်လည်း တိုင်းပြည်နှင့် ဆင်းရဲသားပြည် သူများအတွက် တာဝန်ထမ်းဆောင်သွားမည်ဟု ကတိပြုခဲ့သည်။ ပက်ကီယောင်းသည် ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ကြောင်း Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ချိန်တွင် ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းလည်းဖြစ်သည်။ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲ၌ အာဏာရှင်ဟောင်း မားကို့စ်၏သားဖြစ်သူ မားကို့စ်ဂျူနီယာက မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး ပက်ကီယောင်းမှာ တတိယမဲအများဆုံးဖြင့်သာ ကျေနပ်ခဲ့ရသည်။ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ဖိလစ်ပိုင်ပြည်သူ ၆၇ သန်းကျော်ရှိသော်လည်း ပက်ကီယောင်းကို မဲပေးခဲ့သည့် လေးသန်းပင်မပြည့်ဘဲ စုစုပေါင်း၏ ၆ ဒသမ ၆ ရာခိုင်နှုန်းသာရှိခဲ့သည်။ "ပြည်သူတွေက အဆုံးအဖြတ်ပေးခဲ့ပြီး ရွေးကောက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ တိုင်းပြည်တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့ အခွင့်အလမ်းအဖြစ် စုစည်းညီညွတ်မှုကို ပြသကြရအောင်။ တိုင်းပြည်တာ ဝန်ထမ်းဆောင်ဖို့နဲ့ ဆင်းရဲသားဖိလစ်ပိုင်ပြည် သူတွေရဲ့ဘဝကို ကယ်တင်ပေးဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ဝှေ့သမားတစ်ဦး၊ အားကစားသမားတစ်ဦးအနေနဲ့ အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်" ဟု ပက်ကီယောင်းက ပြောကြားခဲ့သည်။

Share: