လီဗာပူးလ်၏ ပရီးမီးယားလိဂ်မှတ်တမ်းကိုပြောဆိုခြင်းမှာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ မန်စီးတီးကစားသမားများကို အမွှမ်းတင်ခြင်းသာဖြစ်သည်ဟု ဂွါဒီယိုလာ ရှင်းလင်း


မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်အောင်မြင်မှုမှတ်တမ်းကိုပြောဆိုခြင်းမှာ ပြိုင်ဘက်ကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲ မိမိ၏ မန်စီးတီးကစားသမားများကို အမွှမ်းတင်လို၍ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဂွါဒီယိုလာသည် မေ (၈) ရက်က နယူးကာဆယ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် လီဗာပူးလ်အသင်းအနေဖြင့် ဥရောပအောင်မြင်မှုရသဖြင့် တစ်တိုင်းပြည်လုံး အားပေးကြကြောင်း၊ သို့သော် လီဗာပူးလ်အသင်းမှာ နောက်ဆုံးနှစ်ပေါင်း (၃၀)အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကြိမ်သာရရှိခဲ့ပြီး ယင်းအချက်ကို မည်သူမျှ အပြစ်မမြင်ကြကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းကြောင့် ဝေဖန်ခံနေရမှုကို ကာကွယ်ရန် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကလော့ပ်က လီဗာပူးလ်အားပေးသူများအကြောင်း မိမိထက် ဂွါဒီယိုလာက ပိုသိနေပုံရကြောင်း တုံ့ပြန်ခဲ့သည်။ ယခုအခါ ဂွါဒီယိုလာက ''ကျွန်တော့်ရဲ့ပြောစကားက ကျွန်တော့်ကစားသမားတွေကို ကာကွယ်ဖို့ပါ။ အခု ချန်ပီယံလိဂ်မှာမှ ဗိုလ်မစွဲရင် ဘာမှမဟုတ်တော့သလို ပြောနေကြတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားတွေရထားတဲ့ လီဗာပူးလ်တောင် ပရီးမီးယားလိဂ်ကို နှစ် (၃၀)ကြာမှ ယူနိုင်တာဖြစ်လို့ ကျွန်တော့်ကစားသမားတွေ ချီးကျူးခံရသင့်တယ်လို့ ပြောချင်တာပါ''ဟု ဆိုခဲ့သည်။

Share: