ရီးယဲလ်အတွက် ဒုတိယဂိုးအများဆုံး ရာအူးလ်၏ သွင်းဂိုးအရေအတွက်ကို ဘန်ဇီမာ လိုက်မီ
ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် လီဗန်တေးအသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဒုတိယဂိုးအများဆုံးကစားသမားဖြစ်သည့် ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်၏ သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ လာလီဂါပွဲစဉ် ၃၆ အဖြစ် ရီးယဲလ်နှင့် ဇယားအောက်ဆုံးနေရာမှ လီဗန်တေးအသင်း တို့ ဘာနေဗျူးကွင်း၌ ယှဉ်ပြိုင်ကစားရာ ရီးယဲလ်အသင်းက ဂိုးဒါဇင်ဝက်အထိသွင်းယူပြီး ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ရီးယဲလ် အသင်းအတွက် ဒုတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သူ ဘန်ဇီမာသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ၂၇ ဂိုးနှင့် ပြိုင်ပွဲစုံသွင်းဂိုး ၄၄ ဂိုးအထိရှိလာပြီး အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်းမှာလည်း ၃၂၃ ဂိုးရှိလာပြီဖြစ်သည်။ ၎င်းအနေဖြင့် ၁၉၉၄ မှ ၂၀၁၀ ပြည့်နှစ်အထိ ၇၄၁ ပွဲကစား၊ ၃၂၃ ဂိုးသွင်းယူခဲ့သည့် ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်၏ သွင်းဂိုးအရေအတွက်ကို လိုက်မီသွားပြီဖြစ်ပြီး အသင်း၏ ဂိုးအများဆုံးစာရင်း၌ ပူးတွဲဒုတိယနေရာတွင် ရပ်တည်နိုင်ပြီဖြစ်သည်။ ရီးယဲလ်အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုက ၄၃၈ ပွဲကစား၊ ဂိုး ၄၅၀ ဖြင့် စံချိန်တင်ထားပြီး ဘန်ဇီမာအနေဖြင့် ၎င်း၏စံချိန်ကို လိုက်မီရန်မှာမူ ၁၂၇ ဂိုးအထိ လိုအပ်နေသည်။

Share: