ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာ၏ ရွှေဖိနပ်ဆုအကြိမ်အများဆုံးရယူထားသည့်စံချိန်ကို လီဝန်ဒေါစကီး လိုက်မီ

ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ယခုရာသီဘွန်ဒစ်လီဂါပြိုင်ပွဲတွင် သွင်းဂိုး (၃၅)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံး (ရွှေဖိနပ်ဆု)ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဂျာမန်ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာ၏ ဘွန်ဒစ်လီဂါရွှေဖိနပ်ဆုအကြိမ်အများဆုံးရယူထားသည့်စံချိန်ကို လိုက်မီခဲ့ကြောင်းသိရသည်။ အသက် (၃၃)နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ယခုရာသီအပါအဝင် ဘွန်ဒစ်လီဂါကစားသမားဘဝ၌ ရွှေဖိနပ်ဆုကို (၇)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ခဲ့ပြီး ဂတ်မူလာ၏ (၇)ကြိမ်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။ လီဝန်ဒေါစကီးသည် ဒေါ့မွန်ကစားသမားဘ၀ ၂၀၁၃-၁၄ ရာသီက ဘွန်ဒစ်လီဂါရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့လာပြီးနောက် ၂၀၁၅-၁၆ ရာသီတွင် တစ်ကြိမ်၊ ၂၀၁၇-၁၈ ရာသီမှ ၂၀၂၁-၂၂ ရာသီအထိ (၅)ကြိမ်ဆက်ရယူကာ စုစုပေါင်း (၇)ကြိမ်ဖြင့် ပြိုင်ပွဲသမိုင်း၏စံချိန် မှတ်တမ်းကောင်းတစ်ခုကို လိုက်မီခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လီဝန်ဒေါစကီးသည် ဘွန်ဒစ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို (၅)ကြိမ်ဆက်ရယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။ လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့လာသည့် ၂၀၁၄-၁၅ ရာသီမှစတင်ကာ လက်ရှိအချိန်အထိ (၈)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၄၄)ဂိုးအထိသွင်းယူထားပြီး ယင်းကာလအတွင်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ဂိုးသွင်းအများဆုံးကစားသမားအ ဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းလည်း ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Opta ကဖော်ပြခဲ့သည်။ လီဝန်ဒေါစကီးအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇၅) ပွဲကစားခဲ့ရာတွင် ဂိုးပါဝင်ပတ်သက်မှု (၄၀၁) ကြိမ် (၃၄၄ ဂိုးသွင်း၊ ၅၇ ကြိမ်ဖန်တီး) အထိရှိခဲ့ခြင်းမှာလည်း ယင်းကာလအတွင်း ဥရောပထိပ်တန်းလိဂ် (၅)ခု၏ အကောင်းဆုံးသော စွမ်းဆောင်ရည်ဖြစ်ခဲ့ကြောင်းသိရသည်။ လီဝန်ဒေါစကီးသည် ဘွန်ဒစ်လီဂါကစားသမားဘ၀ (၁၂)ရာသီအတွင်း လိဂ်သွင်းဂိုးစုစုပေါင်း (၃၁၂)ဂိုး (ဒေါ့မွန်နှင့် ၇၄ ဂိုး၊ ဘိုင်ယန်မြူးနစ်နှင့် ၂၃၈ ဂိုး) အထိသွင်းယူကာ ဂတ်မူလာ (၃၆၅ ဂိုး)၏နောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ၂၀၂၁- ၂၂ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ချန်ပီယံဆုရယူခဲ့ပြီးနောက် ပြိုင်ပွဲနောက်ဆုံး (၁၀)ကြိမ်ဆက်ဗိုလ်စွဲခြင်းဖြစ်ခဲ့ပြီး စံချိန်တင်ထားနိုင်သလို၊ ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် အဝေးကွင်းသွင်းဂိုး (၄၉)ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက်အသင်းတစ်သင်း၏ တစ်ရာသီအတွင်း အဝေးကွင်းသွင်းဂိုးအများဆုံးစံချိန်သစ်ဖြစ်ခဲ့ကြောင်း Opta ကဖော်ပြခဲ့သည်။

Share: