လာလီဂါအမျိုးသမီးအမှတ်ပေးပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာအမျိုးသမီးအသင်း ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့
၂၀၂၁-၂၂ ရာသီ လာလီဂါအမျိုးသမီးအမှတ်ပေးချန်ပီယံ ဘာစီလိုနာအသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရာနှုန်းပြည့်နိုင်ပွဲရရှိကာ စံချိန်မှတ်တမ်းသစ်များတင်ရှိနိုင်ခဲ့ကြောင်း သိရသည်။ ဘာစီလိုနာအမျိုးသမီးအသင်းသည် ၂၀၂၁-၂၂ ရာသီ လာလီဂါအမျိုးသမီးလိဂ်နောက်ဆုံးဖြစ်သည့် ပွဲစဉ် (၃၀)တွင် အက်သလက်တီကို အမျိုးသမီးအသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ရာနှုန်းပြည့်အနိုင်ရလဒ်နှင့်အတူ ပြိုင်ပွဲ၏ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအမျိုးသမီးအသင်းသည် ယခုရာသီ လာလီဂါအမှတ်ပေးလိဂ်တွင် ပွဲစဉ် (၃၀)ကစားခဲ့ရာ၌ ယင်းပွဲ (၃၀)စလုံးကိုအနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်စွမ်းဆောင်နိုင်ခြင်း ဖြစ်ခဲ့သည်။ ထို့ပြင် ဘာစီလိုနာအမျိုးသမီးအသင်းသည် ယင်းနိုင်ပွဲ (၃၀)တွင် စုစုပေါင်းသွင်းဂိုး (၁၅၉) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုးအများဆုံးရာသီအဖြစ် (ပြီးခဲ့သည့်ရာသီက ၃၄ ပွဲတွင်၊ ၁၆၇ ဂိုးသွင်းယူခဲ့)မှတ်တမ်းဝင်ခဲ့သည်။ ဘာစီလိုနာအမျိုးသမီးအသင်းသည် လာလီဂါအမျိုးသမီးအမှတ်ပေးချန်ပီယံဆုကို (၇)ကြိမ်မြောက်နှင့် နောက်ဆုံး (၃)ကြိမ်ဆက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက် ရှိနေသည်။

Share: