ဘိုင်ယန်မြူးနစ်အသင်း၏ မာနေအတွက် ကမ်းလှမ်းမှုသည် ရယ်စရာဖြစ်နေသည်ဟု လီဗာပူးလ်အသင်း တာဝန်ရှိသူများယူဆ
ဘိုင်ယန်မြူးနစ်အသင်းသည် လီဗာပူးလ်အသင်း၏ ဆီနီဂေါတိုက်စစ်မှူး မာနေအား ခေါ်ယူရန် တရားဝင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ကမ်းလှမ်းမှုသည် ရယ်စရာဖြစ်နေသည်ဟု လီဗာပူးလ်အသင်း ဘုတ်အဖွဲ့ဝင်များက ယူဆနေကြကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် မာနေကို ခေါ်ယူရန်အတွက် လီဗာပူးလ်အသင်းအား နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့ပြီးဖြစ်ကာ ပထမတစ်ကြိမ်မှာ ပေါင် (၂၅)သန်း၊ ဒုတိယတစ်ကြိမ်မှာ ပေါင်သန်း (၃၀) နှင့် အပိုဆုကြေးများဖြစ်သည်ဟု သတင်းများက ဖော်ပြနေကြသည်။ သို့ရာတွင် အမှန်တကယ်အားဖြင့် ဘိုင်ယန်မြူးနစ်အသင်း ကမ်းလှမ်းသည့်ပမာဏမှာ ယင်းထက်နည်းပါးပြီး အပိုဆုကြေးများပါဝင်မှ ပေါင်သန်း (၃၀) သာ ရှိနေသည်ဟုလည်း သိရှိရသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် မာနေအတွက် လီဗာပူးလ်အသင်းထံ ကနဦးပေးချေမည့် ပြောင်းရွှေ့ကြေးမှာ ပေါင် (၂၃.၅)သန်းသာဖြစ်ပြီး အပိုဆုကြေးများနှင့်ပေါင်းမှ ပေါင်သန်း (၃၀) ပမာဏကို ရောက်ရှိမည်ဖြစ်သည်။ ယင်းအပိုဆုကြေးအတွက် သတ်မှတ်ချက်မှာလည်း မာနေ၏ ပွဲအရေအတွက်၊ ဂိုးအရေအတွက်များအပေါ် မူတည်သည့် အချက်များမဟုတ်သလို၊ နှစ်ကာလအားဖြင့်လည်း အကန့်အသတ်များ ရှိနေသည်ဟု သိရှိရသည်။ ဘိုင်ယန်မြူးနစ်အသင်းက မာနေအား ထပ်မံပေးချေမည့် ပေါင် (၆.၅)သန်းမှာ လာမည့်(၃) ရာသီအတွင်း ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့လျှင်၊ သို့မဟုတ် လာမည့် (၃)ရာသီအတွင်း မာနေ Ballon d'Or ရရှိမှသာ ပေးချေမည့် အပိုဆုကြေးများဖြစ်နေကြောင်း သိရှိရသည်။ ဘိုင်ယန်မြူးနစ်အသင်း၏ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ယင်းကိစ္စအတွက် လီဗာပူးလ်မြို့သို့ လာရောက်ဆွေးနွေးရန် စီစဉ်နေသော်လည်း လီဗာပူးလ်အသင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်မည်ဟု ဆိုထားသည်။

Share: