ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ကစားသမားသစ်အရေအတွက် အများဆုံးအသုံးပြုသည့်နည်းပြအဖြစ် ဒေးရွှမ့် စံချိန်မှတ်တမ်းသစ်တင်ရှိ
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် သြစတြီးယားအသင်းနှင့် (၁-၁)ဂိုးစီသရေကျခဲ့သည့် UEFA Nations League အုပ်စုပွဲစဉ်တွင် နောက်ခံလူ ကိုနာတေးအား ပထမဆုံးအကြိမ် ပွဲထွက်အသုံးပြုခဲ့ပြီးနောက် ၎င်း၏ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဘဝတွင် ကစားသမားသစ်အသုံးပြုမှုမှာ (၆၅)ဦးအထိ ရှိလာခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ကစားသမားသစ်အများဆုံးအသုံးပြုသည့်နည်းပြအဖြစ် စံချိန်မှတ်တမ်းသစ်တင်ရှိခဲ့ကြောင်း သိရသည်။ အသက် (၅၃)နှစ်အရွယ်ရှိ ပြင်သစ်ဂန္ထဝင်ကွင်းလယ်လူ ဒေးရွှမ့်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြင်သစ်လက်ရွေးစင်အသင်းအား နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူ ကိုနာတေး (၂၃ နှစ်)မှာ ၎င်း၏လက်အောက်တွင် ပထမဆုံးပွဲထွက် ကစားခွင့်ရသည့် (၆၅)ဦးမြောက် ပြင်သစ်လက်ရွေးစင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ဒေးရွှမ့်အနေဖြင့် ယခင်ကစားသမားအများဆုံးအသုံးပြုခဲ့သော ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဟောင်း မစ်ချယ်ဟိုင်ဒယ်လ်ဂို (၆၄ ဦး)၏ စံချိန်ကို (၁)ဦးအသာဖြင့်ကျော်ဖြတ်ကာ စံချိန်မှတ်တမ်းသစ်တင်ရှိ နိုင်ခဲ့ခြင်းဖြစ်သည်။ ဟိုင်ဒယ်လ်ဂိုသည် ပြင်သစ်လက်ရွေးစင်အသင်းအား ၁၉၇၆ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ (၈)နှစ် ကြာကိုင်တွယ်ခဲ့ကာ ကစားသမားသစ် (၆၄)ဦး အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဒေးရွှမ့်အနေဖြင့် ပြင်သစ်အသင်းကို (၁၀)နှစ်ကြာ ကိုင်တွယ်ပြီးချိန်တွင် (၆၅)ဦးဖြင့် စံချိန်သစ်တင်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကိုနာတေးမှာ ဒေးရွှမ့်လက်အောက်တွင် ပွဲကစားခွင့်ရသည့် (၁၀၀)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီး (ဒေးရွှမ့်မတိုင်မီကတည်းက ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပွဲကစားထားဖူးသူများအပါအဝင်) ယင်းမှာလည်း ပြင်သစ်လက်ရွေးစင်အသင်းနည်းပြသမိုင်းတွင် အများဆုံးဖြစ်သည်။ ဒေးရွှမ့်အနေဖြင့် ပြင်သစ်လက်ရွေးစင်အသင်းအား ဆယ်စုနှစ်တစ်ခုကြာ ကိုင်တွယ်ခဲ့ခြင်းနှင့်အတူ အသင်းသမိုင်း၏ စံချိန်မှတ်တမ်းကောင်းများစွာကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ဒေးရွှမ့်သည် ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အချိန်အကြာဆုံးကိုင်တွယ်သူ (၁၀ နှစ်)၊ ပွဲအများဆုံးကိုင်တွယ်သူ (၁၂၉ ပွဲ)၊ နိုင်ပွဲအများဆုံးရရှိသူ (၈၃ ပွဲ)၊ ပွဲ (၅၀)နှင့်အထက် ကိုင်တွယ်ခဲ့သူများထဲတွင် အနိုင်ရာခိုင်နှုန်း အများဆုံးရရှိသူ (၆၄.၈%) အစ ရှိသည့် နည်းပြဘ၀ စံချိန်မှတ်တမ်းကောင်းများစွာကို ပိုင်ဆိုင်ထားသည်။

Share: