၂၀၂၂-၂၃ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ တန်းတက်ကစားခွင့်ရ နာခွန်ဆီအသင်း မြန်မာကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူ
၂၀၂၂-၂၃ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ တန်းတက်ကစားခွင့်ရ နာခွန်ဆီအသင်းသည် မြန်မာကွင်းလယ်ကစားသမားငြိမ်းချမ်းအောင်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုင်းလိဂ်-၂ ကလပ် နာခွန်ဆီအသင်းသည် ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်းဖြစ်သူ ငြိမ်းချမ်းအောင်ကို ပြီးခဲ့သည့်ရက်ပိုင်းက တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း စာချုပ်ပါစည်းမျဉ်းများအရ ကစားသမား၏ ရာသီကြိုစွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ အသင်း၏ စာရင်း၌ထည့်သွင်းအသုံးပြု မပြု ဆုံးဖြတ်သွားမည်ဖြစ်သည်။ နာခွန်ဆီအသင်းသည် ၂၀၂၂-၂၃ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲမစတင်မီ ငြိမ်းချမ်းအောင်၏ စွမ်းဆောင်မှုကို စောင့်ကြည့်သွားမည်ဖြစ်ပြီး နှစ်သက်ပါက အသင်းလူစာရင်း၌ ထည့်သွင်းသွားမည်ဖြစ်ပြီး လိုအပ်ချက်များ ရှိနေသေးပါက အခြားအသင်းတစ်သင်းထံသို့အဌားချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာကွင်လယ်ကစားသမား ဖြစ်သူ ငြိမ်းချမ်းအောင်သည် ရာသီကြိုကာလအတွင်း နာခွန်ဆီအသင်း၏ လေ့ကျင့်ရေး အစီအစဉ်များနှင့် ခြေစမ်းပွဲများတွင် သူ၏ စွမ်းဆောင်နိုင်မှုကို သက်သေပြရမည်ဖြစ်သည်။ ငြိမ်းချမ်းအောင်သည် မနောမြေ လူငယ်အသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၅ ရာသီ MNL ပြိုင်ပွဲများမစတင်မီ ရန်ကုန်ယူနိုက်တက်သို့ရောက်ရှိလာသူ ဖြစ်သည်။ သို့သော် ငြိမ်းချမ်းအောင်သည် ၂၀၁၅ ကမ္ဘာ့ဖလား ယူ-၂၀ပြိုင်ပွဲဝင် မြန်မာလူငယ်အသင်း၌ ရွေးချယ်ခံခဲ့ရပြီး ပြိုင်ပွဲ မတိုင်မီ ဥရောပခြေစမ်းခရီးစဉ်၌ ဒူးအရွတ် စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းအောင်သည် ယင်းဒဏ်ရာကို ထိုင်းနိုင်ငံ၌ သွားရောက်ခွဲစိတ်ကုသခဲ့သော်လည်း နောက်ပိုင်းတွင် ကာလအတန်ကြာ ဘောလုံးကစားနိုင်ခြင်းမရှိဘဲ ဝေးကွာခဲ့ရကြောင်း သိရသည်။ ငြိမ်းချမ်းအောင်သည် နောက်ပိုင်းနှစ်များတွင် ရန်ကုန်ယူနိုက်တက် အသင်း၏ ပွဲစဉ်အချို ့တွင် အနည်းငယ်ပြန် လည်ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ပုံမှန်ပွဲထွက်ကစားခွင့် မရရှိတော့ကြောင်း သိရသည်။ နာခွန်ဆီအသင်းသည် ပြီးခဲ့သည့် ရာသီက ထိုင်းလိဂ်-၃ ပြိုင်ပွဲ တောင်ပိုင်းဇုန်၌ ယှဉ်ပြိုင်ကစားခဲ့ပြီး အဆင့် ၂ ရှိခဲ့ကာ တန်းတက်ခွင့်အတွက် ကစားရသည့် နေရှင်နယ် ချန်ပီယံရှစ်တွင် တတိယရရှိခဲ့၍ တန်းတက်ခဲ့ခြင်းဖြစ်သည်။

Share: