မာနေအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သင့်သည်ဟု ဆီနီဂေါနည်းပြ အလူးဆီဆေး တိုက်တွန်း
ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မာနေအနေဖြင့် လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့သင့်သည်ဟု ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြ အလူးဆီဆေးက တိုက်တွန်းခဲ့သည်။ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်အသင်းသည် ယခုနွေရာသီကာလအတွင်း မာနေကို အရခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဘိုင်ယန်အနေဖြင့် အသက်(၃၀)နှစ်ရှိ ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမားအား အနည်ဆုံးတစ်ကြိမ် တရားဝင်ကမ်းလှမ်းထားပြီးဖြစ်သည်ဟု သတင်းများက ဖော်ပြခဲ့သည်။ မာနေသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး အသင်းမှထွက်ခွာလိုကြောင်း အရိပ်အမြွက် ဖွင့်ဟထားသူဖြစ်သည်။ ထို့ကြောင့် ဆီဆေးက ဘိုင်ယန်အသင်းသည် မာနေအတွက် အသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။ ''အမှတ်ပေးရာသီ ပြန်စချိန်မှာ စာချုပ်ကိစ္စတွေ အပြီးသတ်လုပ်ဆောင်ထားဖို့ ကျွန်တော့်ကောင်လေးတွေကို ပြောပြပါတယ်။ ဆာဒီယို (မာနေ)နဲ့ ဘိုင်ယန်သတင်းတွေလည်း ကြားပါတယ်။ ဘိုင်ယန်က ပေါက်ကွဲအားပြင်းထန်ပြီး Pressing Football ကို ဂျာမန်နည်းပြတစ်ဦးအောက်မှာ ကောင်းကောင်းကစားနေတဲ့အသင်းပါ။ ဆာဒီယိုက အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ သြစတြီးယားက ဆာလ်ဇ်ဘာ့ဂ်မှာ ကစားခဲ့ပြီး ဆိုလိုတာက သူ့အတွက် နယ်မြေဒေသကလည်း မစိမ်းပါဘူး။ ကျွန်တော့်အဖို့တော့ ဘိုင်ယန်က သူ့အတွက် အကောင်းဆုံးပါပဲ''ဟု ဆီဆေးက ပြောကြားခဲ့သည်။

Share: