ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်းနှင့် မိမိ၏ကစားသမားဘ၀ ပိုမိုတိုးတက်လာလိမ့်မည်ဟု ဂရာဗန်ဘာ့ချ်ဆို
ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့ခဲ့သည့် ဒတ်ချ်ကြယ်ပွင့်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်က ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်းနှင့် မိမိ၏ကစားသမားဘ၀ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ကြိုတင်ထွက်ပေါ်ခဲ့သည့်သတင်းများအတိုင်း ပြီးခဲ့သည့်ရက်ပိုင်းက အေဂျက်စ်အသင်းမှ အသက် (၂၀)နှစ်အရွယ်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်အား ယူရို (၂၅)သန်းဖြင့်ခေါ်ယူကာ (၅)နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း၏ အားကစားဒါ ရိုက်တာ ဟာဆန်ဆာလီဟာမစ်ဇစ်က အတည်ပြုပြောကြားခဲ့သည်။ ဂရာဗန်ဘာ့ချ်သည် အေဂျက်စ်အသင်း၏ မော်ရိုကိုလက်ရွေးစင်နောက်ခံလူ မက်ဇူဟာအပြီး ယခုနွေရာသီအပြောင်းအရွှေ့ကာလ ဘိုင်ယန်မြူးနစ်အသင်း၏ ဒုတိယမြောက်ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့သည်။ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့ရခြင်း အပေါ် ဂရာဗန်ဘာ့ချ်က "ဘိုင်ယန်ဟာ ထိပ်တန်းအသင်းကြီးတစ်သင်းပါ။ ဒီနေရာ (ဘိုင်ယန်မြူးနစ်)မှာ ရှိနေရင် အဓိကဆုဖလားတွေ ရယူနိုင်မှာ ဖြစ်သလို၊ ကျွန်တော့်ရဲ့ကစားသမားဘ၀ ပိုပြီးတိုးတက်လာမယ်လို့လည်း ယုံကြည်ပါတယ်။ မြူးနစ်မှာ ရှိနေရခြင်းကိုလည်း ကျွန်တော် အလွန်ပျော်ရွှင်ပါတယ်" ဟု ဂျာမန်အားကစားသတင်းစာ Bild သို့ ပြောကြားခဲ့သည်။

Share: