ဘဏ္ဍာရေး သာတူညီမျှစည်းမျဉ်းနှင့်ပတ်သက်ပြီး မန်စီးတီးနှင့် PSG အသင်းတို့အား လာလီဂါဥက္ကဋ္ဌ တီဘက်စ် ဝေဖန်တိုက်ခိုက်

လာလီဂါလိဂ်အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်သည် ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းနှင့်ပတ်သက်ပြီး မန်စီးတီးနှင့် PSG အသင်းတို့အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မန်စီးတီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ပြီးခဲ့သည့် မေလအတွင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်ကို ကစားခဲ့ပြီး တီဘက်စ်သည် ထိုအချိန်ကတည်းက မန်စီးတီးအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်သည်ဟု ယူဆရသည့် ကိစ္စရပ်များအား UEFA ထံ တိုင်ကြားခဲ့ဖူးသည်ဟုလည်း သိရှိရသည်။ မန်စီးတီးအသင်းနှင့် PSG အသင်းတို့သည် လာလီဂါလိဂ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ တီဘက်စ်၏ မကြာခဏ ပစ်မှတ်ထားခြင်းကို ခံရလေ့ရှိပြီး ထိုအချိန်က တီဘက်စ်၏ တိုင်ကြားခြင်းနှင့် ပတ်သက်၍လည်း သိသာထင်ရှားသည့် တုံ့ပြန်မှုမရှိခဲ့ချေ။ မကြာသေးမီကမူ UEFA ၏ ဥက္ကဋ္ဌဖြစ်သူ ဆယ်ဖာရင်က PSG အသင်းအနေဖြင့် ၎င်းတို့အသင်း၏ တိုက်စစ်မှူး ဘာပေအား အလွန်မြင့်မားသည့်လစာနှုန်းထားဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းအပေါ် ကာကွယ်ပြောဆိုမှုများပင် ပြုလုပ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းသာ ဘာပေကို စာချုပ်မည်ဆိုပါကလည်း ယင်းငွေကြေးပမာဏကို ပေးချေနိုင်သည့် သဘောမျိုးပြောခဲ့သည်။ သူက ကစားသမား၏ ဆုံးဖြတ်ချက်သာ အဓိကဖြစ်သည့် သဘောမျိုးဆိုခဲ့ပြီး တီဘက်စ်ကမူ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းအတွင်း သုံးစွဲနိုင်သည့် ငွေကြေးနှင့် PSG အသင်း သုံးစွဲခဲ့သည့်ငွေကြေးကို နှိုင်းယှဉ်သင့်သည်ဟု Marca နှင့် တွေ့ဆုံရာတွင် ပြောခဲ့ဖူးသည်။ ယခုအချိန်တွင်လည်း တီဘက်စ်က ယင်းနှစ်သင်းကို အစိုးရပိုင်ကလပ်များဟု အမည်တပ်ကာ မေလအတွင်းက ဘာပေကို ယူရိုသန်းရာပေါင်းများစွာတန်သည့် စာချုပ်ချုပ်ဆိုသည့်ကိစ္စအား ဝေဖန်ခဲ့သည်။ ထိုကဲ့သို့ပင် မန်စီးတီးအသင်းက ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ဟော်လန်းအား စာချုပ်လျော်ကြေးပေးကာ မြင့်မားသည့် လစာငွေဖြင့် ခေါ်ယူခဲ့ခြင်းကိုလည်း ထောက်ပြခဲ့ပြီး ယင်းကစား သမားနှစ်ဦးစလုံးသည် ရီးယဲလ်မက်ဒရစ်အသင်းအလိုရှိသည့် ကစားသမားများလည်းဖြစ်သည်။ "ဒီနှစ်သင်းက ပုံမှန်မဟုတ်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိထားတယ်ဆိုတာကို လာလီဂါအနေနဲ့ နားလည်ထားပါတယ်။ သူတို့ဟာ ငွေကြေးထပ်ဆောင်းအားသွင်းမှုကို စျေးကွက်အခြေအနေနဲ့ မကိုက်ညီတဲ့ စာချုပ်တွေ၊ စပွန်ဆာဝင်ငွေတွေနဲ့ ပြုလုပ်နေပါတယ်။ ဥရောပတစ်တိုက်လုံးက ကလပ်အသင်းတွေ ငွေကြေးအခက်အခဲတွေ့နေပြီး သူတို့က မယုံနိုင်စရာငွေကြေးတွေကို သုံးစွဲနေကြတယ်။ ဒီလုပ်ရပ်ဟာ ဘောလုံးရဲ့ရေရှည်တည်တံ့မှုနဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်တယ်လို့ လာလီဂါက ယူဆပါတယ်"ဟု တီဘက်စ် ပြောကြားခဲ့သည်။

Share: