ကွင်းလယ်လူ ဖာဘီယိုဗီယာရာကို အာဆင်နယ်အသင်းထံ ယူရိုသန်း ၄၀ ဖြင့် ရောင်းချမည်ဟု ပေါ်တိုအသင်း အတည်ပြု

ပေါ်တူဂီကလပ် ပေါ်တိုအသင်းက ကွင်းလယ်လူ ဖာဘီယိုဗီယာရာကို အာဆင်နယ်အသင်းထံ ယူရိုသန်း ၄၀ (ပေါင် ၃၄ ဒသမ ၂ သန်း) ဖြင့် ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ပေါ်တိုအသင်း၏ ထုတ်ပြန်မှုအရ အာဆင်နယ်အသင်းအနေဖြင့် အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်ကစား သမား ဗီယာရာအတွက် ကနဦးပြောင်းရွှေ့ ကြေး ယူရို ၃၅ သန်းနှင့် Add-ons ကြေး ယူရို ငါးသန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ "ပေါ်တိုအသင်းအနေဖြင့် ဖာဘီယိုဗီယာရာ၏ အမြဲတမ်းအပြောင်းအရွှေ့အတွက် ယူရို သန်း ၄၀ ဖြင့် အာဆင်နယ်အသင်းနှင့် ပဏာမ သဘောတူညီမှုရရှိခဲ့ပါပြီ။ ၎င်းအနက် ယူရို ငါးသန်းမှာ အားကစားဆိုင်ရာရည်မှန်းချက်များ အောင်မြင်မှုအပေါ် မူတည်ကြောင်း အသိပေးအပ်ပါသည်။ အပြီးသတ်သဘောတူညီမှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း အလုံးစုံပြီးဆုံးမည်ဟု မျှော်လင့်ရပါသည်" ဟု ပေါ်တိုအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗီယာရာသည် ပေါ်တိုလူငယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်ကာ စီနီယာအသင်းအတွက် စတင်ကစားခွင့်ရခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက ပေါ်တိုအသင်း ပရီးမီးယားလီဂါချန်ပီယံဆုရရှိရာတွင် အဓိက ကစား သမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ကိုယ်တိုင်ခြောက်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ ထို့ပြင် ဗီယာရာသည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားခွင့်မရသေးသော်လည်း ၂၀၂၁ ဥရောပ ယူ- ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် ကစားသမားသုံးဦးခေါ်ယူထားပြီး ဗီယာရာမတိုင်မီ ဘရာဇီးလ်တောင်ပံကစားသမား မာကွင်ဟို့စ်ကို ပေါင်သုံးသန်း၊ အမေရိကန်ဂိုးသမား တာနာကို ပေါင် ၄ ဒသမ ၇ သန်းဖြင့် ခေါ်ယူထားသည်။

Share: