ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းတွင် ကစားနေသည့် နောက်ခံလူ ဇော်မင်းထွန်း အသင်းပြောင်းရွှေ့ဖွယ်ရှိ

မြန်မာ့လက်ရွေးစင် ၀ါရင့်နောက်ခံကစားသမားဖြစ်သူ ဇော်မင်းထွန်းသည် လက်ရှိကစားနေသည့် ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းမှ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။ ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ထရတ်အသင်း၏ ရာသီအစပွဲစဉ်များ၌ ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်ခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ်သာ အများဆုံးကစားခဲ့ရသည်။ သို့သော် ဇော်မင်းထွန်းသည် ရာသီကုန်ဆုံးခါနီး ထရတ်အသင်း၏ ပွဲစဉ်များတွင် အဓိကကစားသမားအဖြစ် နေရာပေးခံခဲ့ရပြီး ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့်တောက်လျှောက် ကစားခဲ့ရသည်။ ထရတ်အသင်းသည် ရာသီကုန်ဆုံးချိန်တွင် ထိုင်းလိဂ်-၂ ပြိုင်ပွဲ၌ အဆင့်(၃) နေရာသာ ရရှိခဲ့သောကြောင့် တန်းတက်ခွင့်အတွက် Play-off ကစားခဲ့ရပြီး လမ်ပန်းအသင်းကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် ရှုံးနမ့်၍ တန်းတက်ခွင့် ဆုံးရှုံးခဲ့သည်။ ထရတ်အသင်းသည် ဇော်မင်းထွန်းကို လာမည့်ရာသီအတွက် သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း ကစားသမားဖြစ်သူက ပိုမိုကောင်းမွန်သည့် အသင်းတစ်သင်းသို ့ပြောင်းရွှေ့ရန်ဆန္ဒရှိ နေကြောင်း သိရသည်။ ထို့ကြောင့် ဇော်မင်းထွန်းသည် ထရတ်အသင်း၏ ကမ်းလှမ်းမှုကို လက်မခံသေးဘဲ အခြားအသင်းများ၏ ကမ်းလှမ်းမှုအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

Share: