မန်ယူအသင်းနည်းပြသစ် တန်ဟက်ဂ် ပစ်မှစ်ထားနေသည့် ကစားသမားများအနက် အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူနိုင်ရန် နီးစပ်နေ

ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူနည်းပြသစ် တန်ဟက်ဂ် ပစ်မှတ်ထားနေသည့် ကစားသမားများအနက် အေဂျက်စ်အသင်းမှ ဘရာဇီးလ်လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ တန်ဟက်ဂ်သည် နွေရာသီစျေးကွက် အတွင်း ငါးနေရာအတွက် ကစားသမားသစ်များ ဖြည့်တင်းရန် ဆန္ဒရှိနေပြီး နောက်ခံတစ်နေရာ၊ ကွင်းလယ် နှစ်နေရာ ၊ တောင်ပံ တစ်နေရာနှင့် အရန်ဂိုးသမား တစ်နေရာတို့ ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ မန်ယူ အသင်းသည် အေဂျက်စ်နည်းပြ တန်ဟက်ဂ်ကို နည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ပြီးနောက် အသင်းအား ပြင်ဆင်တည်ဆောက်မှုများ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်နိုင်ခြင်း မရှိသေးပေ။ တန်ဟက်ဂ်သည် ပေါ့ဘာ၊ လင်ဂတ်၊ ကာဗာနီတို့ အပါ အဝင် ကစားသမား ၁၀ ဦးနှင့် လမ်းခွဲခဲ့သော်လည်း ပြန်လည်အားဖြည့်မှု ပြုလုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ပရိသတ်အချို့၏ ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ဗြိတိန်မီဒီယာများက တန်ဟက်ဂ်သည် မန်ယူအသင်းကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်အတွက် ကစားသမားသစ် ငါးဦးအား ပစ်မှတ်ထားနေကြောင်း၊ အဆိုပါကစားသမားများမှာ ဘာစီလိုနာမှ ဒတ်ချ်ကွင်းလယ်လူ ဖရန်ကီဒီယွန်း၊ ဘရန့်ဖို့ဒ်နှင့် စာချုပ်ကုန် ဆုံးသွားပြီး အသင်းလက်မဲ့ဖြစ်နေသည့် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်၊ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီနှင့် နောက်ခံအတွင်း၊ ညာနောက်ခံ နှစ်နေရာ စလုံးတွင်ကစားနိုင်သည့် တင်မ်ဘာ၊ ဂိုးသမားတစ်ဦးတို့ဖြစ်သည်။ တန်ဟက်ဂ်သည် ဒီဟေးယား၏အရန်အဖြစ်ထားရှိရန် ဝက်ဖို့ဒ်မှ ဘတ်ချ်မန်းနှင့် နယူးကာဆယ်မှ ဒါလိုးတို့ကို ချိန်ရွယ်နေခြင်းဖြစ်ပြီး ဒင်းန်ဟန်ဒါဆန်ကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိသည်။ ကျန်နေရာများအတွက် တန်ဟက်ဂ် ပစ်မှတ်ထားနေသည့် ကစားသမားများမှာ လက်ရှိ အေဂျက်စ် ကစားသမားနှစ်ဦးနှင့် အေဂျက်စ်ကစားသမားဟောင်းနှစ်ဦး ဖြစ်နေကြောင်းလည်း တွေ့ရှိရသည်။ မန်ယူအသင်းက တန်ဟက်ဂ် အတွက် ငွေကြေးအလုံအလောက် ပံ့ပိုးပေးသွားရန် စီစဉ်ထားပြီး ပစ်မှတ်ကစားသမား အားလုံးကို ခေါ်ယူနိုင်ခဲ့ပါက ပေါင်သန်း ၁၇၀ ဝန်းကျင် ကုန်ကျမည်ဟု သိရသည်။ မန်ယူတာဝန်ရှိသူများသည် အန်တိုနီ နှင့် အပြောင်းအရွှေ့ကို အပြီးသတ်ရန်အတွက် နယ်သာလန်နိုင်ငံသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးသူ အန်တိုနီအတွက် မန်ယူအသင်းမှာ ပေါင် သန်း ၄၀ ဝန်းကျင် ကုန်ကျဖွယ်ရှိသည် ဟု သတင်းများက ဖော်ပြခဲ့သည်။ အန်တိုနီသည် ပြီးခဲ့သည့်ရာသီက အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားကာ ၁၂ ဂိုးသွင်း၊ ၁၀ ဂိုး ဖန်တီးပေးခဲ့သည်။

Share: