အင်တာမီလန်သို့ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိပြီးနောက် လူကာကူ မျက်ရည်ပင်ကျခဲ့ကြောင်း Gazzetta dello Sport ဖော်ပြ

ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူသည် အင်တာမီလန်အသင်းသို့ အငှားဖြင့် ပြန်လည်ပြောင်းရွှေ့ရန် အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ဝမ်းသာလွန်း၍ မျက်ရည်များပင်ကျခဲ့ကြောင်း အီတလီ အားကစားသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။ အင်တာမီလန်အသင်းသည် အသင်းတိုက်စစ်မှူးဟောင်း လူကာကူကို တစ်ရာသီအငှားစာချုပ်အတွက် ချယ်လ်ဆီးအသင်းကို ပေါင် (၇)သန်း+Add-onsကြေးဖြင့် သဘောတူညီမှုရခဲ့ကြောင်း သိရသည်။ လူကာကူသည် အင်တာမီလန်သို့ပြန်လည်ပြောင်းရွှေ့ရန်အတွက် ချယ်လ်ဆီးအသင်းတွင်ရရှိနေသည့် တစ်ပတ်လစာ ပေါင်(၃၂၅၀၀၀) ကို (၃၅)ရာခိုင်နှုန်းလျှော့ယူခဲ့ရကြောင်း သိရသည်။ လူကာကူ(၂၉ နှစ်)သည် ပြီးခဲ့သည့်၂၀၂၁ နွေကမှ ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် (၉၇.၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည်ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၄၄)ပွဲတွင် (၁၅)ဂိုးသာသွင်းနိုင်ခဲ့ကာ နည်းပြ တူဟယ်လ်ကိုလည်း ဝေဖန်မှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် လူကာကူသည် ယခုနွေတွင် အင်တာမီလန်သို့ပြန်ရန် စီစဉ်ခဲ့ပြီး နှစ်သင်းသဘောတူညီမှုရကြောင်း သတင်းကြားရချိန်တွင် မျက်ရည်ကျခဲ့ခြင်းဖြစ်သည်။ ၎င်း၏အပြောင်းအရွှေ့မှာ ဇွန်လကုန်ပိုင်းတွင် အပြီးသတ်ဖွယ်ရှိကြောင်း သိရသည်။

Share: