ချယ်လ်ဆီးအသင်းခေါ်ယူရန် ပစ်မှတ်ထားနေသည့် မန်စီးတီးတောင်ပံကစားသမား စတာလင် အနာဂတ်ကို (၂)ပတ်အတွင်း ဆုံးဖြတ်မည်

ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် မန်စီးတီးတောင်ပံကစားသမား စတာလင်သည် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး (၂)ပတ်အတွင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် မန်စီးတီးအသင်းနှင့်၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိတွင် မန်စီးတီးအသင်းက စတာလင်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းထားသလို၊ ၎င်းကို ခေါ်ယူရန် ချယ်လ်ဆီး၊ ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် စတာလင်ကို ပေါင် (၃၅) သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသော်လည်း တရားဝင်ကမ်းလှမ်းမှုမရှိသေးကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။ လက်ရှိတွင် ဂျမေကာနိုင်ငံသို့ အပန်းဖြေခရီးထွက်နေသည့် စတာလင်သည် ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး လာမည့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမည်ဖြစ်ကာ ရာသီကြိုလေ့ကျင့်မှုများ ပြုလုပ်ရန် ဆန္ဒပြင်းပြနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။



Share: