ဗီယေရာမှာ ပါရမီရှင်ဖြစ်ပြီး အသင်းတိုက်စစ် ပိုကောင်းလာမည်ဟု အာတီတာ ပြောကြား

အာဆင်နယ်နည်းပြ အာတီတာက အသင်းကွင်းလယ်ကစားသမားသစ် ဗီယေရာမှာ ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကြောင့် အသင်း၏တိုက်စစ်မှာ ပိုကောင်းလာမည်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုနွေရာသီတွင် ပထမဆုံး အဓိကကစားသမားခေါ်ယူမှုအဖြစ် ပေါ်တိုအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ဗီယေရာကို ပေါင် (၃၄.၂)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဗီယေရာနှင့်ပတ်သက်ပြီး အာတီတာက "ပါရမီရှင်ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဖာဘီယို(ဗီယေရာ)က ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ကစားသမားဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းကို ပိုကောင်းလာစေမှာဖြစ်သလို၊ သူဟာ တိုက်စစ်မှာ စွယ်စုံအသုံးတည့်မယ့် ကစားသမားဖြစ်ပါတယ်။ ရာသီသစ်မှာ သူ့နဲ့အတူ လက်တွဲအလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်" ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ အီဒူးက ဗီယေရာကို ခေါ်ယူပြီးဖြစ်သော်လည်း အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီတွင် ပစ်မှတ်ကစားသမားများကို ထပ်မံခေါ်ယူနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Share: