နောက်ခံလူ ရှကရီညာကို ယူရိုသန်း(၆၅)သန်းရလျှင် အင်တာအသင်း ရောင်းချမည်

PSG အသင်းမှ ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဆလိုဗက်ကီးယားလက်ရွေးစင်နောက်ခံလူ ရှကရီညာကို ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်းရရှိလျှင် အင်တာမီလန်အနေဖြင့် ရောင်းချသွားဖွယ်ရှိနေကြောင်း သိရသည်။ ယင်းငွေပမာဏမှာ ကနဦးပေးချေမှုသာဖြစ်ပြီး Add-ons ကြေးများလည်း ထပ်ဆောင်းပေးချေရမည်ဖြစ်သည်။ အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၈၀)အထိ တောင်းဆိုနေသော်လည်း ယင်းပမာဏဖြင့်ပင် အရောင်းအဝယ်ဖြစ်လိမ့်မည်ဟု အီတလီအားကစားဂျာနယ်လစ် ပယ်ဒူလာက သုံးသပ်ခဲ့သည်။ အင်တာမီလန်အသင်းသည် ရှကရီညာ၏နေရာအစားထိုးရန်အတွက် ခံစစ်အတွင်းလူ(၂)ဦးကို ပစ်မှတ်ထားနေပြီး တိုရီနိုနောက်ခံလူ ဘရေမာနှင့် ဖီအိုရင်တီးနားနောက်ခံလူ မီလန်ကိုဗစ်တို့ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ ဘရေမာကို ခေါ်ယူလိုသည့်ကလပ်အသင်းများထဲတွင် ဂျူဗင်တပ်စ်၊ အေစီမီလန်၊ စပါး၊ ချယ်လ်ဆီးနှင့် မန်ယူအသင်းများ ပါဝင်နေကြောင်း သိရသည်။ ပြောင်းရွှေ့ကြေးမြင့်မားသည့် ဘရေမာကို မခေါ်ယူနိုင်လျှင် မီလန်ကိုဗစ်မှာ အင်တာ၏ အစားထိုးပစ်မှတ်လည်းဖြစ်သည်။


Share: