■ အသင်း၏အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် စိတ်ပျက်နေသော်လည်း မန်ယူတွင် စီရော်နယ်လ်ဒို ဆက်နေဖွယ်ရှိ ပေါ်တူဂီသတင်းစာ ဖော်ပြ

မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိ သေးသည် အသင်း၏အပြောင်းအရွှေ့လှုပ် ရှားမှုအပေါ် စိတ်ပျက်နေသော်လည်း အသင်းတွင် ဆက်နေဖွယ်ရှိနေကြောင်း ပေါ်တူဂီနေ့စဉ်ထုတ်အားကစားသတင်းစာ Record က ဖော်ပြခဲ့သည်။ အသက် ၃၇ နှစ်ကျော်ပြီဖြစ်သည့် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာ သီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းသို့ မျှော်လင့်ချက်ကြီးမားစွာဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သို့သော် မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် (၆) သာ ရရှိသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် မန်ယူအသင်းအနေဖြင့် လာမည့် ၂၀၂၂-၂၃ ရာသီတွင် ချန်ပီယံဆုများ စိန်ခေါ်နိုင်ရန်အတွက် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်လိမ့်မည်ဟု ဥရောပမီဒီယာများက သုံးသပ်ခဲ့ကြသည်။ ထို့ပြင် မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့်လည်း ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ် ခေါ်ယူမှုများကို အလျင်အမြန်ပြုလုပ်လိမ့်မည်ဟု သုံးသပ်မှုများရှိခဲ့သည်။ သို့သော် ပရီးမီးယားလိဂ်ထိပ်သီးပြိုင်ဘက်များဖြစ်သည့် မန်စီးတီး၊ လီဗာပူးလ်၊ စပါးနှင့် အာဆင်နယ်အသင်းတို့ ကစားသမားသစ်များ အပြိုင်အဆိုင်ခေါ်ယူနေချိန်တွင် မန်ယူအသင်းမှာ လက်ရှိအချိန်ထိ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် အသင်း၏ ကစားသမားအပြောင်းအရွှေ့လှုပ်ရှားမှုများကို စိတ်ပျက်ဒေါသထွက်နေပြီး ယခုနွေတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု စပိန်နှင့် အင်္ဂလိပ်မီဒီယာများက ဖော်ပြခဲ့ကြသည်။ သို့သော် ယခုအခါ ပေါ်တူဂီအားကစားသတင်းစာ Record က စီရော်နယ်လ်ဒိုအနေဖြင့် လာမည့် ၂၀၂၂-၂၃ ရာသီတွင် မန်ယူ အသင်း၌သာ ဆက်ရှိနေဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။ Record သတင်းစာ၏ ဖော်ပြမှုအရ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအနေဖြင့် လက်ရှိအချိန်ထိ ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသည့်အပေါ် စိတ်ပျက်နေသော်လည်း စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ အသင်းတွင် ဆက်နေဖွယ်ရှိကြောင်း သိရသည်။ မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် စီရော်နယ်လ်ဒို၏ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်သက် တမ်းတိုးခွင့်ပါ ပါရှိကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲတွင် ၂၄ ဂိုး သွင်းယူထားသည်။


Share: