မန်ယူအသင်း လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်၏ အာမခံကို စက်တင်ဘာအထိ သက်တမ်းတိုး

မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူသတ်ရန် ခြိမ်းခြောက်မှုများဖြင့် စစ်ဆေးခံနေရသည့် မန်ယူအသင်း လူငယ်ကြယ်ပွင့် ကစားသမား ဂရင်းဝုဒ်၏ အာမခံကို စက်တင်ဘာအထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။ အသက် ၂၀ သာရှိသေးသည့် အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ၎င်း၏ အသက် ၁၈ နှစ်အရွယ် ချစ်သူအား မုဒိမ်းပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လူသတ်ရန် ခြိမ်းခြောက်မှုများဖြင့် ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးစစ်ဆေးခံရပြီးနောက် အာမခံဖြင့် လွတ်မြောက်နေခြင်းဖြစ်သည်။ ကြာသပတေးနေ့က ဆဲလ်ဖို့ဒ်တရားရုံး၌ ပြုလုပ်သည့် သီးသန့်ကြားနာစစ်ဆေးမှုတွင် ၎င်း၏အာမခံကို သက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်ကြားနာစစ်ဆေးမည်ဖြစ်သည်။ "မနေ့ (ကြာသပတေးနေ့) က ပြုလုပ်တဲ့ ကြားနာစစ်ဆေးမှုမှာ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ လူသတ်ရန် ခြိမ်းခြောက်မှုအတွက် သံသယရှိလို့ ဇန်နဝါရီ ၃၀ ရက်က ဖမ်ဆီးခံခဲ့ရတဲ့ အသက် ၂၀ အရွယ် အမျိုးသားကို အာမခံဆက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ဂရိတ်မန်ချက်စတာရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဂရင်းဝုဒ်အနေဖြင့် ယင်းဖြစ်ရပ်ကြောင့် ရဲစခန်း၌ သုံးရက်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး မန်ယူအသင်းကလည်း ပွဲကစားခွင့်အပြင် လေ့ကျင့်ခန်းပြုလုပ်ခွင့်ပါ ဆိုင်းငံ့ထားသည်။ ထို့ပြင် Nike ကုမ္ပဏီကလည်း ၎င်းနှင့်ချုပ်ဆိုထားသည့် စီးပွားရေးစာချုပ်အားလုံးကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

Share: