နာမည်ကျော်ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူလိုသည့် စီးရီးအေအသင်းများတွင် ရိုးမားနှင့်အတူ နာပိုလီ ပါဝင်လာ

မန်ယူအသင်းမှ ထွက်ခွာလိုနေသည်ဟု သတင်းများ ပေါ်ထွက်နေသည့် ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူလိုသည့် စီးရီးအေအသင်းများထဲတွင် ရိုးမားနှင့်အတူ နာပိုလီအသင်းလည်း ပါဝင်လာကြောင်း ဗြိတိန်အားကစားဝက်ဘ်ဆိုက်ဖြစ်သည့် The Athletic က ဖော်ပြခဲ့သည်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ယခုအပြောင်းအရွှေ့ကာလအတွင်း သင့်လျော်သည့်ကမ်းလှမ်းမှုရှိလာလျှင် အသင်းပြောင်းရွှေ့ခွင့်ပြုရန် တောင်းဆိုထားကြောင်း ဗြိတိန်နာမည်ကြီးသတင်းစာ The Times က ဖွင့်ချခဲ့သည်။ လာမည့်ရာသီတွင် မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခြင်းမှာ စီရော်နယ်လ်ဒိုအသင်းမှ ထွက်ခွာလိုနေသည့် အဓိက အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု သတင်းများက သုံးသပ်ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုကို ခေါ်ယူလိုသည့် အသင်းများတွင် ဥရောပထိပ်တန်းအချို့အပြင် ရိုးမားနှင့် နာပိုလီအသင်းများလည်း ပါဝင်နေခြင်းဖြစ်သည်။ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ် သူ၏ကစားသမားအားခေါ်ယူရန် ရိုးမားအသင်းထံ ကမ်းလှမ်းခဲ့သည်ဟု ပြီးခဲ့သည့်ရက်သတ္တပတ်က သတင်းများထွက်ခဲ့သော်လည်း လက်ရှိအနေအထားတွင် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် နာပိုလီအသင်းက ရိုးမားထက် ပိုမိုအလေးသာနိုင်သည်ဟု ယူဆမှုများလည်း ရှိနေသည်။ စီရော်နယ်လ်ဒို၏လစာငွေမြင့်မားမှုသည် နာပိုလီအသင်းအတွက်မူ အခက်အခဲတစ်ခုဖြစ်လာနိုင်သော်လည်း အသင်း၏လစာမြင့်ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင် အင်ဆစ်ဂ်ညာနှင့် ဝါရင့်တိုက်စစ်ကစားသမား မာတင်စ်တို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာသွားမှု၊ လစာငွေလျှော့ချမှုကို ငြင်းဆန်လျှင် ကူလီဘလီကို ရောင်းချဖွယ်ရှိနေမှုကြောင့် ယင်းပြဿနာကို ဖြေရှင်းနိုင်ဖွယ်ရှိနေကြောင်း အီတလီအားကစားမီဒီယာများက ဖော်ပြလျက်ရှိသည်။

Share: