အုပ်စုပထမပွဲတွင် ဂိုးပြတ်အနိုင်ရသော်လည်း အသင်းကြီးများနှင့်ကစားရန် ကျန်သေးသဖြင့် ပိုမိုကြိုးစားရမည်ဟု ဦးစိုးမြတ်မင်း ပြောကြား

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက အာဆီယံ ယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမပွဲတွင် ဂိုးပြတ်အနိုင်ရသော်လည်း အသင်းကြီးများနှင့်ကစားရန် ကျန်သေးသဖြင့် ပိုမိုကြိုးစားရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။ မြန်မာအသင်းသည် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် ဇူလိုင် ၂ ရက် က ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ခုနစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ ယခုဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းတွင် ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးဖွဲ့စည်းခဲ့သောအသင်းမှ အသက်မီသူသုံးဦးသာ ပြန်လည်ပါဝင်လာပြီး ကစားသမားသစ်များဖြင့် ပြန်လည်ဖွဲ့စည်းထားရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေသဖြင့် ပြည်တွင်းကလပ်အသင်းများနှင့် ခြေစမ်းပြီး ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ဦးစိုးမြတ်မင်းက "အခုနိုင်ပွဲအတွက် ကစားသမားတွေကိုချီးကျူးလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမှာ ပါဝင်ကစားခဲ့တဲ့သူတွေထဲက ခုနစ်ဦးလောက်က ပထမဆုံး နိုင်ငံတကာပွဲ ကစားကြတာဖြစ်ပါတယ်။ သူတို့တွေ အကောင်းဆုံးကြိုးစားကစားကြလို့ ကျေနပ်ပါတယ်။ ဒီပွဲ အနိုင်ရပေမဲ့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်လို့ ပိုပြီးကြိုးစား သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ပွဲတိုင်းက အရေးကြီးပါတယ်။ တစ်ပွဲချင်းစီ သေချာပြင်ဆင်ပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ဘရူနိုင်းနှင့် ပွဲပြီးသတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အာဆီယံထိပ်သီးအသင်းများအပြင် အိမ်ရှင်အသင်းတို့နှင့် တွေ့ဆုံနေခြင်းဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့် တွေ့ဆုံမည့်ပွဲရလဒ်များမှာ အဆုံးအဖြတ်ဖြစ်လာနိုင်သည်။ မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် ဇူလိုင် ၄ ရက်တွင် ထိုင်း အသင်း၊ ဇူလိုင် ၆ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၈ ရက်တွင် ဗီ ယက်နမ်အသင်း၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု (A) ဒုတိယနေ့ကို ဇူလိုင် ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်၊ ညနေ ၄ နာရီ ခွဲတွင် မြန်မာနှင့် ထိုင်း၊ ည ၇ နာရီခွဲတွင် အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာနှင့် ကစားရမည့် ထိုင်းအသင်းသည် အုပ်စုပထမပွဲတွင် ဖိလစ်ပိုင်အသင်းကို (၁-ဝ) ဂိုးဖြင့်သာ အနိုင်ရထားသည်။ ထို့ကြောင့် မြန်မာအသင်းအနေဖြင့် ရလဒ်ကောင်းရယူနိုင်ရန် မျှော်လင့်ချက်ရှိနေပြီး အနိုင်ရသည့်အသင်းမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရန် အခွင့်အရေးပိုသာသွားမည်ဖြစ်သည်။ အိမ်ရှင်အင်ဒို နီးရှားအသင်းသည် ၂၀၂၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့်အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်သော်လည်း ဆီမီးဖိုင်နယ်တွင် ချန်ပီယံ ဖြစ်သွားသည့် သြစတြေးလျကို အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်ခဲ့ပြီး ယခုအကြိမ်တွင်လည်း ထပ်မံကိုင်တွယ်ခွင့်ရရှိခြင်းဖြစ်သည်။

Share: