အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပေါင်သန်း(၆၀)ဖြင့် ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက်ကို စပါးအသင်း ဦးဆောင်နေ

စပါးအသင်းသည် အဲဗာတန်အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပေါင်သန်း(၆၀)ဖြင့် ခေါ်ယူခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ ငွေအများဆုံးသုံးစွဲထားသည့် ပရီးမီးယားလိဂ်အသင်းအဖြစ် ဦးဆောင်နေကြောင်း သိရသည်။ စပါးအသင်းသည် ရစ်ချာလီဆန်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)သာ ပေးချေရမည်ဖြစ်သော်လည်း Add-ons ကြေးများကိုပါ ထည့်တွက်ပါက ပေါင်သန်း (၆၀)အထိ ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် စပါးအသင်း၏ ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ ယခင်က စပါးအသင်း၏ တန်ဖိုးအကြီးဆုံးကစားသမားမှာ ၂၀၁၉ ခုနှစ်က လိုင်ယွန်အသင်းထံမှ ပေါင်(၅၄)သန်းဖြင့် ခေါ်ယူခဲ့သည့် အန်ဒွန်ဘီလီဖြစ်ကြောင်း သိရသည်။ စပါးအသင်းသည် ယခုနွေရာသီတွင် အင်တာမီလန်မှ ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်နှင့် ဆောက်သမ်တန်မှ အင်္ဂလန်ဂိုးသမား ဖရေဆာဖော်စတာတို့ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့သလို၊ ဘရိုက်တန်အသင်းမှ မာလီကွင်းလယ်ကစားသမား ဘစ်ဆူးမားကို ပေါင်(၃၅)သန်းဖြင့် ခေါ်ယူခဲ့သည်။ ထို့ကြောင့် စုစုပေါင်းအပြောင်းအရွှေ့အသုံးစရိတ် ပေါင်(၉၅)သန်းရှိသွားပြီဖြစ်ပြီး ပရီးမီးယားလိဂ်၏ ငွေသုံးစွဲမှုအများဆုံးအသင်းအဖြစ် ဦးဆောင်နေခြင်းဖြစ်သည်။ စပါးအသင်းက ကစားသမားသစ်(၄)ဦးခေါ်ယူမှုအတွက် ပေါင်(၉၅)သန်းသုံးစွဲကာ ဦးဆောင်နေပြီး ဒုတိယနေရာတွင် လီဗာပူးလ်အသင်းက ကစားသမားသစ်(၃)ဦးခေါ်ယူမှုအတွက် ပေါင်(၉၁.၅)သန်းဖြင့် ရပ်တည်နေသည်။ ဟော်လန်းနှင့် လူငယ်ကစားသမား အော်တီဂါတို့ကို ခေါ်ယူထားသည့် မန်စီးတီးအသင်းက တတိယနေရာတွင် ရှိနေကြောင်း သိရသည်။ စပါးအသင်းသည် ရစ်ချာလီဆန်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး လစာအဖြစ် တစ်ပတ်လျှင် ပေါင်(၂၀၀၀၀၀)ဝန်းကျင် ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။ (၄)နှစ်ကြာလက်တွဲခဲ့သည့် အဲဗာတန်အသင်းမှ ထွက်ခွာခဲ့ခြင်းနှင့်ပတ်သက်၍ ရစ်ချာလီဆန်က "ကျွန်တော့်ရဲ့ နေအိမ်လိုဖြစ်ခဲ့တဲ့ နေရာတစ်ခုကို နှုတ်ဆက်ရတာ တော်တော်ခက်ခဲပါတယ်။ ကျွန်တော့်ကို တိုးတက်အောင် ကူညီခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောရုံနဲ့ ပြည့်စုံလုံလောက်မှာမဟုတ်ပါဘူး" ဟု Twitter တွင် ရေးသားခဲ့သည်။

Share: