ဘရိုက်တန်နှင့်ပွဲတွင် ကြံ့ခိုင်မှုကြောင့် ပွဲချိန်ပြည့်မကစားခိုင်းဟု တန်ဟက်ဂ် ဆိုခဲ့သည့် စီရော်နယ်လ်ဒို တာတိုအပြေးတွင် အသင်းဖော်များထက် စံချိန်ပိုကောင်း

မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဘရိုက်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ကြံ့ခိုင်မှုအခြေအနေကြောင့် စီရော်နယ်လ်ဒိုကို ပွဲချိန်ပြည့် မကစားစေခြင်းဖြစ်သည်ဟု ဆိုခဲ့သော်လည်း ယင်းပွဲအပြီး ပြုလုပ်ခဲ့သည့် အသင်း၏လေ့ကျင့်ခန်းအစီအစဉ်တွင် စီရော်နယ်လ်ဒိုသည် တာတိုအပြေးလေ့ကျင့်ခန်း၌ အသင်းဖော်များထက် စံချိန်ပိုကောင်းခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ စီရော်နယ်လ်ဒိုသည် အသက် (၃၇)နှစ်အရွယ်ရှိပြီဖြစ်သော်လည်း အကောင်းဆုံးကြ့ံခိုင်မှု အခြေအနေ ပိုင်ဆိုင်ထားဆဲဆိုသည်ကို ခွန်အားနှင့် ကြွက်သားအား အဓိကအားပြုရသည့် တာတိုအပြေးလေ့ကျင့်ခန်းတွင် ပြသခဲ့ခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းစာက သုံးသပ်ခဲ့သည်။ လက်ရှိ မန်ယူအသင်းတွင် စီရော်နယ်လ်ဒိုသည် မပျော်မရွှင်ဖြစ်နေပြီး အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရမည့် အသင်းတစ်သင်းသင်းထံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် အသင်းဖော်များကလည်း စီရော်နယ်လ်ဒိုအပေါ် အမြင်မကြည်လင်မှုများ ရှိနေသည်ဟု သတင်းများက ဖော်ပြနေသည်။ သူသည် မန်ယူအသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ် နှစ်ခုဖြစ်သည့် အာရှနှင့် သြစတြေးလျခရီးစဉ်တို့တွင် မိသားစုအကြောင်းပြချက်ဖြင့် လိုက်ပါခြင်းမရှိခဲ့ဘဲ ဗယ်လက်ကာနိုအသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲမှသာ စတင်ပါဝင်လာခဲ့ခြင်းဖြစ်သည်။ သုုိ့ရာတွင် ယင်းပွဲ၌လည်း ပထမပိုင်းအပြီးတွင် လူစားလဲခံရပြီးနောက် စီရော်နယ်လ်ဒိုသည် ပွဲမပြီးမီ (၁၀)မိနစ်အလိုတွင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့သည့်အတွက် အဲရစ်တန်ဟက်ဂ်က ယင်းအပြုအမူကို လက်မခံနိုင်ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် စည်းကမ်းပိုင်းကို အပြစ်ပေးသည့်အနေဖြင့် ဘရိုက်တန်နှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် တိုက်စစ်မှူး မာစီယဲလ် ဒဏ်ရာပြဿနာရှိနေသည့်တိုင် စီရော်နယ်လ်ဒိုအား အရန်ခုံတွင် ထိုင်စေခဲ့ခြင်းဖြစ်နိုင်သည်ဟု မီဒီယာများက သုံးသပ်ခဲ့သည်။ သို့ရာတွင် အဲရစ်တန်ဟက်ဂ်က စီရော်နယ်လ်ဒိုသည် အသင်းနှင့်လေ့ကျင့်ချိန် (၁၀)ရက်သာ ရှိသေးသည့်အတွက် မိနစ် (၉၀) ကစားရန် ကြံ့ခိုင်မှုမပြည့်ဝသေးဟု ပွဲအပြီးတွင် စီရော်နယ်လ်ဒို၏ ကြံ့ခိုင်မှုကို အကြောင်းပြခဲ့ရာ ယခု The Sun သတင်းစာကမူ စီရော်နယ်လ်ဒိုသည် လက်ရှိအသက်အရွယ်တွင်ပင် အသင်းဖော်များထက် ပိုမိုလျင်မြန်ကြံ့ခိုင်နေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် အသင်းမှ ထွက်ခွာလိုကြောင်း လူသိရှင်ကြား သတင်းများထွက်ပေါ်နေသည့် စီရော်နယ်လ်ဒိုအား ပရိသတ်များက လှောင်ပြောင်မှုများပြုလုပ်ခဲ့သလို၊ ရလဒ်ဆိုးခဲ့ခြင်းကြောင့် အသင်းနည်းပြ တန်ဟက်ဂ်မှာလည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Share: