မန်စီးတီးနှင့် ရက်ဘူးလ်အုပ်စုကဲ့သို့ ကမ္ဘာတစ်ဝှမ်း မိတ်ဖက်အသင်းများတည်ထောင်ရန် တော့ဒ်ဘိုလီ စိတ်ဝင်စား

ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလီသည် မန်စီးတီးအသင်းနှင့် ရက်ဒ်ဘူးတို့ကဲ့သို့ မိတ်ဖက်အသင်းများဖြင့် Multi-club Model ကို တည်ထောင်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ တော့ဒ်ဘိုလီသည် ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ထားပြီးနောက် ကမ္ဘာတစ်ဝှမ်းတွင် အသင်းများစွာကို ထပ်မံပိုင်ဆိုင်ရန်ဆန္ဒရှိနေပြီး Football Group တစ်ခုကို တည်ဆောက်နေလိုခြင်းလည်းဖြစ်သည်။ သူသည် ယင်းကလပ်အသင်းများထံမှ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်များအား ချယ်လ်ဆီးအသင်းထံတွင် ခေါ်ယူအသုံးချရန် စိတ်ကူးလည်းရှိနေပြီး ဘရာဇီးလ်ထိပ်တန်းကလပ်အသင်းတစ် သင်းဖြစ်သည့် ဆန်းတို့စ်အသင်းကိုပါ ဝယ်ယူလိုနေသည်ဟုလည်း သိရှိရသည်။ ဆန်းတို့စ်အသင်းသည် ပီလီ၊ နေမာ စသည့် ဘောလုံးကြယ်ပွင့်များ ထွက်ပေါ်ခဲ့သည့် ကလပ်အသင်းတစ်သင်းဖြစ်ပြီး ဘိုလီအနေဖြင့် အနာဂတ်ဘောလုံးစျေးကွက်တွင် ကြယ်ပွင့်ကစားသမားများအတွက် အလွန်အမင်း စျေးကြီးပေးဝယ်ယူရနေခြင်းကို ကာကွယ်ရန်အတွက်လည်းဖြစ်သည်။ ဘိုလီသည် ဆန်းတို့စ်အသင်းနှင့် ပါတနာအဖြစ် လက်တွဲရန် ကြိုးပမ်းမှုမှာလည်း အဆင်မပြေခဲ့ဘဲ ဆန်းတို့စ်အသင်းက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် ဘိုလီသည် ဘရာဇီးလ်ကလပ်အသင်းများနှင့် လက်တွဲရန်အစီအစဉ်ကိုမူ လက်မလျှော့သေးဘဲ ဘရာဇီးလ်အသင်းငယ်များကို ထပ်မံကြိုးပမ်းသွားဦးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဘိုလီသည် ကလပ်အသင်းများ လွှဲပြောင်းဝယ်ယူမည့်ကိစ္စအတွက် ဘရာဇီးလ်နိုင်ငံတွင်သာမဟုတ်ဘဲ အခြားနိုင်ငံများမှ ကလပ်အသင်းများကိုလည်း ဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ ဘိုလီသည် ပေါ်တူဂီလူမျိုး စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်နှင့်လည်း ပေါ်တူဂီကလပ်အသင်းတစ်သင်းသင်းကို ဝယ်ယူရန်ကိစ္စအား ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။ ဘိုလီက "ကျွန်တော်တို့ ကလပ်အသင်းအုပ်စုတစ်ခု တည်ထောင်ဖို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့အရှေ့မှာ လုပ်ခဲ့တဲ့ အသင်းတွေရဲ့ခြေရာကို နင်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ရက်ဒ်ဘူးလ်အုပ်စုဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ဆာလ်ဇ်ဘာ့ဂ်နဲ့ လိုက်ပ်ဇစ်နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာရှိနေပါတယ်။ ဒီလိုပဲ မန်စီးတီးအသင်းဆိုရင်လည်း အလွန်ကြီးမားကျယ်ပြန့်တဲ့ ကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ထားနိုင်တာ တွေ့ရပါတယ်။ ချယ်လ်ဆီးအသင်းကိုလည်း အဲဒီလိုဖြစ်လာအောင် တည်ဆောက်သွားမှာပါ။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းက လူငယ်တွေကိုလည်း တခြားကလပ်အသင်းတွေဆီမှာ တကယ့်ပြိုင်ပွဲအရသာကို ထိတွေ့ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Share: