စပါးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပိုင်ရှင်များက မည်သို့ဆုံးဖြတ်သည်ဖြစ်စေ လေးစားမှုရှိကြောင်း လက်စတာအသင်းနည်းပြ ရော်ဂျာ ဝန်ခံ
လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက စပါးအသင်းအား ဂိုးဒါဇင်ဝက်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းပိုင်ရှင်များက မည်ကဲ့သို့ဆုံးဖြတ်သည်ဖြစ်စေ လေးစားမှုရှိကြောင်း ဝန်ခံပြောကြားသည်။ လက်စတာအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၈)အဖြစ် စနေနေ့ညပိုင်းက စပါးအသင်းနှင့် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရာ (၆-၂) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ လက်စတာ အသင်းသည် ပထမပိုင်းအပြီးတွင် နှစ်ဂိုးစီသရေအထိ လိုက်ကစားနိုင်သော်လည်း ဒုတိယပိုင်းတွင် လူစားဝင်လာသည့် ဆွန်ဟောင်မင်၏ ဟက်ထရစ်အပါအဝင် လေးဂိုးထပ်မံခွင့်ပြုခဲ့ရသောကြောင့် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။ လက်စတာအသင်းသည် ယခုရာသီ ပွဲစဉ်ခုနစ်ပွဲကစားအပြီးတွင် နိုင်ပွဲမရသေးဘဲ ဘရန့်ဖို့ဒ် တစ်သင်းတည်းနှင့် သရေကျကာ ဆောက်သမ်တန်၊ မန်ယူတို့ကို အိမ်ကွင်းနှင့် အာဆင်နယ်၊ ချယ်လ်ဆီး၊ ဘရိုက်တန်၊ စပါးတို့ကို အဝေးကွင်း၌ ရှုံးနိမ့်ကာ ရမှတ်တစ်မှတ်ဖြင့် ဇယား အောက်ဆုံးနေရာ ရောက်ရှိနေသည်။ ထို့ပြင် လက်စတာအသင်းအနေဖြင့် ခုနစ်ပွဲကစားအပြီးတွင် ၂၂ ဂိုးအထိ ခွင့်ပြုထားရခြင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးဆုံး နှင့် ၁၉၆၅-၁၉၆၆ ရာသီနောက်ပိုင်း အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ် (Top-fight) တွင် အဆိုးဆုံးခံစစ်မှတ်တမ်းနှင့် တူညီသွားပြီဖြစ်သည်။ သို့ဖြစ်ရာ စပါးအသင်းနှင့်ပွဲ အပြီးတွင် ဘရန်ရော်ဂျာက "ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (အသင်းပိုင်ရှင်) အပေါ် ကျွန်တော့်ဘက်က လေးစားမှု အများကြီးရှိနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို အများကြီး ပံ့ပိုးပေးခဲ့လို့ပါ။ ပြိုင်ပွဲအကြောင်း ကျွန်တော်နားလည်ပါတယ်။ ရလဒ်က ပွဲအပေါ်ထင်ဟပ်ခြင်းမရှိပေမဲ့ အဓိကအချက်ကတော့ ဒါက ကြီးမားတဲ့ရှုံးပွဲပါပဲ။ သူတို့က ကျွန်တော့်ကို အရမ်းကောင်းတဲ့ ပံ့ပိုးမှုတွေ ပေးခဲ့ကြတာပါ။ လက်စတာမှာ ကျွန်တော့်အတွက် ဘာတွေပဲဖြစ်နေဖြစ်နေ ဆက်ရှိနေပြီးတော့ တိုက်ပွဲဝင်သွားမှာပါ။ သူတို့အပေါ်လည်း ကျွန်တော် အမြဲတမ်းလေးစားမှုရှိနေမှာပါ။ ၇၃ မိနစ်အထိတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ပိုကောင်းတဲ့ဘက်မှာရှိနေခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အမှားတွေကျူးလွန်ခဲ့မိလို့ အပြစ်ပေးခံလိုက်ရတာပါ" ဟု ပြောကြားသည်။ အသက် ၄၇ နှစ်ရှိပြီဖြစ်သည့် မြောက်အိုင်ယာလန်နိုင်ငံသားနည်းပြ ဘရန်ဒန်ရော်ဂျာသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှစ၍ လက်စတာအသင်းအား တာဝန်ယူကိုင်တွယ်နေ ခြင်းဖြစ်သည်။ လက်စတာအသင်းသည် ၎င်းလက်ထက် ပထမဆုံးရာသီတွင် အဆင့် ၉၊ ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှစ်ရာသီဆက်တိုက် အဆင့် ၅ နှင့် ပြီးခဲ့သည့် ၂၀၂၁- ၂၀၂၂ ရာသီတွင် အဆင့် ၈ နေရာ ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် ၎င်းသည် လက်စတာအသင်းအား ၂၀၂၀ -၂၀၂၁ ရာသီတွင် FA ဖလားနှင့် ၂၀၂၁-၂၀၂၂ ရာသီတွင် ကွန်မြူနတီဒိုင်းချန်ပီယံဆု ရယူပေးခဲ့သည်။ လက်စတာအသင်းနှင့် ၎င်း၏ စာချုပ်မှာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသော်လည်း လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်မှ ထပ်မံထုတ်ပယ်ခံရနိုင်သည့် ရေပန်းစားမှုစာရင်းတွင် အလေးပေးမှုအမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။ Sky bet ၏ လောင်းကြေးဖွင့်မှုအရ ဘရန်ဒန်ရော်ဂျာက အလေးပေးမှု ၁/၆ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး စတိဗ်ကူးပါး (နော်တင်ဟမ်) က ၉/၂ လေး၊ စတီဗင်ဂျရတ်(ဗီလာ) က ၉/၁ လေး၊ ဟာဆန်ဟူတယ် (ဆောက်သမ်တန်) နှင့် လမ်းပတ် (အဲဗာတန်) က ၁၆/၁ လေးဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

Share: