မာကိုရွိုက်စ်၏ ခြေချင်းဝတ်ဒဏ်ရာမှာ မဆိုးရွားဘဲ ရက်သတ္တပတ် (၃)ပတ် သို့မဟုတ် (၄)ပတ်ခန့်သာ အနားယူရမည်ဟု ဒေါ့မွန် ထုတ်ပြန်
စက်တင်ဘာလ(၁၇)ရက်က ယှဉ်ပြိုင်ကစားခဲ့သော ရှော်လ်ကေးအသင်းနှင့် Revierderby ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သော ကွင်းလယ်တိုက်စစ်ကစားသမား မာကိုရွိုက်စ်၏ ခြေချင်းဝတ်ဒဏ်ရာသည် အစောပိုင်းခန့်မှန်းထားသကဲ့သို့ မဆိုးရွားဘဲ ရက်သတ္တပတ် (၃)ပတ် သို့မဟုတ် (၄)ပတ်ခန့်သာ အနားယူရမည်ဟု ဒေါ့မွန်အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်သည် ပွဲချိန် (၂၈)မိနစ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲမှ ထမ်းစင်ဖြင့်ထွက်ခွာခဲ့ရသည်။ ဒေါ့မွန်အသင်းက စက်တင်ဘာလ(၁၈)ရက် နံနက်ပိုင်း Scan စစ်ဆေးချက်များအရ ဒဏ်ရာမပြင်းထန်ဘဲ အနားယူရမည့်ကာလကိုပါ အတိအကျ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဆီဘက်စတီယန်ခါးလ်က မာကိုရွိုက်စ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလိမ့်မည်ဟု အတည်ပြုခဲ့သည်။ "ဒီဒဏ်ရာရရှိမှုက ကျွန်တော်တို့ကို Shock ရစေခဲ့ပါတယ်။ ဒါပေမဲ့ အခုမနက်မှာတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်။ စမ်းသပ်ချက်တွေအရတော့ ဘာမှဆိုးဆိုးရွားရွား မပြပါဘူး။ ဒါက ခြေချင်းဝတ်အရွတ်ဒဏ်ရာတစ်ခုပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စိုးရိမ်ရလောက်တဲ့အထိတော့ မပြင်းထန်ပါဘူး။ မာကိုက သုံးပတ် သို့မဟုတ် လေးပတ်လောက်တော့ အနားယူရပါလိမ့်မယ်" ဟု ခါးလ်က ပြောကြားခဲ့သည်။ မာကိုရွိုက်စ်ကလည်း သူ၏ Instagram တွင် ပြန်လည်သက်သာစေကြောင်း ဆုတောင်းများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအနေဖြင့် မည်သို့မျှ အရှုံးပေမည်မဟုတ် ကြောင်း ရေးသားခဲ့သည်။ မာကိုရွိုက်စ်သည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၄၈)ပွဲကစားကာ (၁၅)ဂိုး သွင်းယူထားကြောင်း သိရသည်။ သို့သော် ဒဏ်ရာပြဿနာများကြောင့် နိုင်ငံအသင်းနှင့်အတူ ယူရို-၂၀၁၂ နှင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ခုသာ ဆင်နွှဲခွင့်ရခဲ့သည်။

Share: