အာဆင်နယ်ကို ချန်ပီယံစိန်ခေါ်သူအဖြစ် ပြောရမည့်အချိန်မဟုတ်သေးဟု ရှီးယား ဆို
ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို ချန်ပီယံစိန်ခေါ်သူအဖြစ် ပြောရမည့်အချိန်မဟုတ်သေးဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပွဲစဉ်(၇)အပြီးတွင် ရမှတ်(၁၈)မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် ရေပန်းစားမှုများလည်း မြင့်တက်နေသည်။ သို့သော် လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် အလန်ရှီးယားက ချန်ပီယံဆုအတွက် ပြောရမည့်အချိန်မဟုတ်သေးကြောင်း BBC တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ အလန်ရှီးယားက အာဆင်နယ်အသင်းကို လွန်ခဲ့သည့် (၁၃)လကနှင့် မတူတော့သော ကွဲပြားခြားနားသည့် အသင်းတစ်သင်းအဖြစ် မြင်တွေ့နေရပြီဖြစ်သော်လည်း ယင်းအနေအထားမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပြီဟု မသတ်မှတ်နိုင်သေးကြောင်း သုံးသပ်ခဲ့သည်။ အာဆင်နယ်အသင်းသည် တိုက်စစ်ရော ခံစစ်တွင်ပါ တိုးတက်လာသည်မှာ မှန်သော်လည်း ၎င်းတို့ထက် ပိုမိုအင်အားတောင့်တင်းသည့်ပြိုင်ဘက်များ ရှိနေသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိရေးကိုသာ အဓိကပစ်မှတ်ထားသင့်သည်ဟုလည်း အလန်ရှီးယားက ဆိုခဲ့သည်။ ထို့ပြင် တိုက်စစ်မှူး ဂျေးဇူးသည် အာဆင်နယ်အသင်းကို အပြောင်းအလဲဖြစ်စေသည့် အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်ခဲ့သည်။

Share: