မြန်မာ့လက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲများအတွက် ဟောင်ကောင်လက်ရွေးစင်အသင်း ကစားသမား ၂၅ ဦး ရွေးချယ်ပြင်ဆင်
ဟောင်ကောင်လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန်အန်ဒါဆင်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲများအတွက် သူ၏အသင်းကို ကစားသမား ၂၅ ဦး ရွေးချယ်၍ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်မှ စကာ လေ့ကျင့်ပြင်ဆင်နေပြီလျက်ရှိကြောင်း သိရသည်။ ဟောင်ကောင်တွင် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် ဟောင်ကောင်ပရီးမီယားလိဂ်ပြိုင်ပွဲမှာ လက်ရှိတွင် ကျင်းပနေသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲများအတွက် ဟောင်ကောင်လက်ရွေးစင်အသင်းကို ရက်ပိုင်းအလိုမှသာ အနီးကပ်ဖွဲ ့စည်းလေ့ကျင့်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းခဲ့သည့် ကစားသမား ၂၅ ဦးစလုံးမှာ ပြည်တွင်းအခြေစိုက် ကစားသမားများဖြစ်ပြီး Kitchee၊ Southern၊ Eastern၊ Lee Man၊ Rangers  အသင်း ၅ သင်းတို ့မှ ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၁ ရက်နှင့် ၂၄ ရက်တွင် ဟောင်ကောင်၌ ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားခြင်းဖြစ်သည်။ ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ် (HKFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့၏ ညှိနှိုင်းမှုအရ စက်တင်ဘာ ၂၁ ရက်တွင်ကစားမည့် ပထမခြေစမ်းပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင်ကစားမည့် ဒုတိယခြေစမ်းပွဲကိုမူ ပရိသတ်များ ဝင်ရောက်ကြည့်ရှု ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ HKFA သည် စက်တင်ဘာ ၂၁ ရက်တွင်ကစားမည့် ကွင်းပိတ်ခြေစမ်းပွဲကို ပရိသတ် ၆၀၀၀ ကျော်ဆံ့ Mong Kok ကွင်း၌လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ကစားမည့် ဒုတိယခြေစမ်းပွဲ(Open to Spectators) ကို ဟောင်ကောင်အားကစားကွင်း၌လည်းကောင်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ပထမခြေစမ်းပွဲကစားမည့် Mong Kok ကွင်းမှာ ဟောင်ကောင်ကလပ် ကစ်ချီအသင်း၏ အိမ်ကွင်းဖြစ်ပြီး ဒုတိယခြေစမ်းပွဲကစားမည့် ဟောင်ကောင်အားကစားကွင်းမှာ ရပ်ဘီအားကစားကွင်းအဖြစ် အများဆုံးအသုံးပြုနေကြောင်း သိရသည်။ ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် မေလအတွင်း ထိုင်းနိုင်ငံ၌ လေ့ကျင့်ရေးခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေကျထားသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေနိုင်ငံသား ဂျွန်အန်ဒါဆင်တို့သည် ထိုစဉ်ကတည်းကပင် နောက်ထပ်ခြေစမ်းပွဲကစားရန် ကြိုတင်သဘောတူညီမှုယူထားခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ဇူလိုင်အတွင်း ဂျပန်နိုင်ငံ၌ ကျင်းပသည့် အရှေ့ အာရှချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားခဲ့သည်။

Share: