ရီးယဲလ်အသင်းမှ ဗင်နီစီယပ်စ်အား လူမျိုးရေးခွဲခြားခဲ့သည့် အက်သလက်တီကိုပရိသတ်များကို လာလီဂါအဖွဲ့ချုပ် ပြစ်တင်ရှုတ်ချ
ပြီးခဲ့သည့်မက်ဒရစ်ဒါဘီပွဲတွင် ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား လူမျိုးခွဲခြားမှုများပြုလုပ်ခဲ့သည့် အက်သလက်တီကိုပရိသတ်များ၏အပြုအမူအ ပေါ် လာလီဂါအဖွဲ့ချုပ် (LNFP)က ပြစ်တင် ရှုတ်ချခဲ့သည်။ ထို့ပြင် LNFP က ယင်းဖြစ်ရပ်အတွက် အာဏာပိုင်များနှင့် လက်တွဲကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ "ကွင်းတွင်းကွင်းပြင် ထိခိုက်မှုအားလုံးကို ပြစ်တင်ရှုတ်ချပါတယ်။ ဘောလုံးရဲ့ချစ် ကြည်ရင်းနှီးခြင်းနဲ့ ဖျော်ဖြေမှုပေးနိုင်ခြင်းတွေကို ဆက်ထိန်းနိုင်ဖို့ ကလပ်အသင်းတွေနဲ့အတူ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ။ အမုန်းစကားတွေအတွက် လာလီဂါ ပြိုင်ပွဲမှာ နေရာမရှိပါဘူး" ဟု LNFP ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အက်သလက်တီကိုအသင်းပရိသတ်များသည် ဗင်နီစီယပ်စ်အား ကွင်းအတွင်းဝင်ရောက်လာချိန်မှစတင်ကာ လှောင်ပြောင်ခဲ့ခြင်းဖြစ်ပြီး "Vinicius is a Monkey" ဟု သံပြိုင်အော် ဟစ်ခဲ့ကြသည်။ ထို့ပြင် အမျိုးသားတစ်ဦးက ဗင်နီစီယပ်စ်အမည်ပါ မျောက်ရုပ်ကိုကိုင်ဆောင်၍ လူမျိုးရေးခွဲခြားခဲ့သလို၊ ရီးယဲလ်အသင်း အဖွင့်ဂိုးသွင်းယူပြီးနောက် ရိုဒရီဂိုနှင့် ဗင်နီစီယပ်စ်တို့ အောင်ပွဲခံစဉ် ဆဲရေးတိုင်းထွာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

Share: