မိမိ၏ဂိုးသွင်းနှုန်း သိသိသာသာကျဆင်းသွားခြင်းမှာ အသင်းသို့ စီရော်နယ်လ်ဒို ရောက်လာခြင်းနှင့် မသက်ဆိုင်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား
မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် မိမိ၏ဂိုးသွင်းနှုန်း သိသိသာသာကျဆင်းသွားခြင်းမှာ စီရော်နယ်လ်ဒိုနှင့် မသက်ဆိုင်ကြောင်း The Athletic သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းသို့ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာပြီးနောက် ဘရူနိုဖာနန်ဒက်စ်၏ ဂိုးပါဝင်ပတ်သက်မှု သိသိသာသာလျော့ကျသွားခဲ့သည်။ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ရောက်ရှိလာသည့် ပေါ်တူဂီလက်ရွေးစင်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ပထမပရီးမီးယားလိဂ် (၅၃) ပွဲတွင် (၂၉)ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု (၁၉) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် မန်ယူအသင်းသို့ ၎င်း၏ပေါ်တူဂီအသင်းဖော် စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဘရူနိုဖာနန်ဒက်စ်မှာ ပရီးမီးယားလိဂ်ပွဲ (၄၀) တွင် (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ သို့သော် ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် ယင်းကဲ့သို့ ဂိုးသွင်းနှုန်းကျဆင်းသွားခြင်းမှာ ဆိုးရွားသည့်ရာသီနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့်ဖြစ်ပြီး စီရော်နယ်လ်ဒို ရောက်ရှိလာခြင်းနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့ ဂိုးဖန်တီးမှုအများစုဟာ စီရော်နယ်လ်ဒိုအတွက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဂိုးသွင်းနှုန်းကျဆင်းသွားတာဟာ စီရော်နယ်လ်ဒို ရောက်လာတာကြောင့်လို့ ပြောမယ်ဆိုရင် ဒါဟာ တရားမျှတမှု မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဆိုးရွားတဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဒါဟာ စီရော်နယ်လ်ဒိုကြောင့် မဟုတ်ပါဘူး။ သူ မလာခင်တုန်းက မန်ယူအသင်းမှာ ပယ်နယ်တီတွေကို ကျွန်တော်ကန်ခဲ့တယ်။ သူ ရောက်လာတော့လည်း ပြီးခဲ့တဲ့ရာသီက ပယ်နယ်တီ (၂)ကြိမ်တောင် ကျွန်တော် ကန်ခွင့်ရခဲ့ပြီး (၂)ကြိမ်စလုံး လွဲချော်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဂိုးသွင်းနှုန်းကျဆင်းတာ စီရော်နယ်လ်ဒိုနဲ့ မဆိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က ဂိုးတွေသွင်းဖို့၊ ဂိုးဖန်တီးမှု ပြုလုပ်ဖို့ အားနည်းခဲ့တာပါ" ဟု ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့သည်။

Share: