ဥရောပါစူပါဖလားပြိုင်ပွဲပုံစံ ပြောင်းလဲရန် UEFA စဉ်းစားနေပြီး မေဂျာလိဂ်ချန်ပီယံအသင်းကို ဖိတ်ကြားကာ (၄)သင်းဖြင့် ကျင်းပရန်ရှိ
ဥရောပစူပါဖလားပြိုင်ပွဲကို လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံအသင်း ယှဉ်ပြိုင်ကစားစေသည့်ပုံစံအစား ပြောင်းလဲမှုများ ပြုလုပ်သွားရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က စဉ်းစားနေပြီး မေဂျာလိဂ်ချန်ပီယံအသင်းကို ဖိတ်ကြားကာ (၄)သင်း ယှဉ်ပြိုင်စေသည့်ပုံစံဖြင့် ကျင်းပသွားရန် စီစဉ်နေကြောင်း သိရသည်။ ထို့ကြောင့် အသွင်သစ် ဥရောပစူပါဖလားပြိုင်ပွဲတွင် ချန်ပီယံလိဂ်ချန်ပီယံအသင်း၊ ယူရိုပါလိဂ်ချန်ပီယံအသင်း၊ ကွန်းဖရန့်လိဂ်ချန်ပီယံအသင်းနှင့် မေဂျာလိဂ်ချန်ပီယံအသင်းတို့ ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ အမေရိကန်ပြည်ထောင်စုသည် ဥရောပဘောလုံး၏ အဓိကစျေးကွက်တစ်ခုဖြစ်ပြီး အနာဂတ် ဥရောပစူပါဖလားပြိုင်ပွဲကို အမေရိကတွင် ကျင်းပသွားရန် နီးစပ်လျက်ရှိသည်။ အိမ်ရှင်အဖြစ်ကျင်းပမည့်နိုင်ငံမှ ချန်ပီယံအသင်းအဖြစ် မေဂျာလိဂ်ချန်ပီယံအသင်းကို ထည့်သွင်းမည်ဖြစ်ပြီး ဆွေးနွေးမှုများပင် ပြုလုပ်လျက်ရှိနေသည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ဥရောပအမျိုးသားကလပ်အသင်းပြိုင်ပွဲများအတွက် အင်္ဂလိပ်ဘာသာဖြင့် အမေရိကန်ရုပ်သံမူပိုင်ခွင့် စာချုပ်သစ်တန်ဖိုးမှာ (၁၅၀)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စပိန်ဘာသာဖြင့် ရုပ်သံမူပိုင်ခွင့်တန်ဖိုးမှာလည်း ယခင်ကထက် မြင့်မားလာခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဆင့်၊ ရှုံးထွက်အဆင့်နှင့် ဗိုလ်လုပွဲကို ဥရောပပြင်ပတွင် ကျင်းပမည့်အစီအစဉ်နှင့်ပတ်သက်ပြီး အပူတပြင်းဆွေးနွေးဦးမည်မဟုတ်ကြောင်း သိရသည်။ UEFA သည် ပြုပြင်ပြောင်းလဲမည့် ဥရောပစူပါဖလားပြိုင်ပွဲ ပုံစံသစ်ကို ၂၀၂၄ ခုနှစ်မှစတင်ပြီး ကျင်းပသွားဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ပွဲအားလုံးကို ရက်သတ္တပတ် တစ်ပတ်အတွင်း ကျင်းပသွားရန်နှင့် ပွဲမတိုင်မီ၊ ပထမပိုင်းရပ်နားချိန်များတွင် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းသွားဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက PA သို့ ပြောကြားခဲ့သည်။ စက်တင်ဘာလ(၂၂)နှင့် (၂၃)ရက်များတွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်မည့် ဥရောပကလပ်အသင်းအထွေထွေညီလာခံတွင် ဥရောပစူပါဖလားပြိုင်ပွဲ ပုံစံသစ်နှင့်ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ယင်းညီလာခံတွင် ဥရောပပြိုင်ပွဲများတွင် ဝင်ငွေခွဲဝေမှုပုံစံနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်အတွက် ဆွေးနွေးမည်ဖြစ်သည်။ လက်ရှိတွင် UEFA က ပြိုင်ပွဲအတွက်ပေးအပ်သည့် ငွေကြေး၏ (၄၀)ရာခိုင်နှုန်းကို ကလပ်အသင်းအားလုံး ခွဲဝေပေးပြီး ကျန်(၄၀)ရာခိုင်နှုန်းမှာ စွမ်းဆောင်ရည်၊ (၁၀)ရာခိုင်နှုန်းမှာ Coefficient သတ်မှတ်ချက်၊ အခြား(၁၀)ရာခိုင်နှုန်းမှာ စျေးကွက်အပေါ် မူတည်ဆုံးဖြတ်ခြင်းဖြစ်သည်။

Share: