■ ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် ယနေ့ကျင်းပမည့် နှစ်ယောက်တွဲပွဲစဉ် ယှဉ်ပြိုင်မည်ဟု ဖက်ဒါရာ အတည်ပြု
ပရော်ဖက်ရှင်နယ် ကစားသ မားဘဝမှ အနားယူတော့မည့် ဆွစ်ဇာလန်ဂန္ထဝင်တင်းနစ်သမား ရော်ဂျာဖက်ဒါရာက နောက်ဆုံးယှဉ်ပြိုင်မှုအဖြစ် ယနေ့ (သောကြာနေ့) ညပိုင်း ကျင်းပမည့် Laver Cup ပြိုင်ပွဲ နှစ်ယောက်တွဲပွဲစဉ်တွင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အတည်ပြုပြောကြား ခဲ့သည်။ ဖက်ဒါရာ (၄၁ နှစ်) က Laver Cup ပြိုင်ပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်တစ်ပတ် ကြာသပတေးနေ့တွင် ကြေညာထားခြင်းဖြစ်သည်။ ဖက်ဒါရာသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ပြီးခဲ့သည့်နှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ကွာတားဖိုင်နယ်နောက်ပိုင်း ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ တစ်နှစ်ကျော်ကြာ အနားယူနေရသည်။ Laver Cup ပြိုင်ပွဲ၏ စည်းမျဉ်းအရ ကစားသမားတစ်ဦးအနေဖြင့် အနည်းဆုံး တစ်ဦးချင်းပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ခြွင်းချက်အဖြစ် ဖက်ဒါရာအား နှစ်ယောက်တွဲပွဲစဉ်သာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ ဖက်ဒါရာသည် နှစ်ယောက်တွဲပွဲစဉ်အဖြစ် ကာလရှည်ပြိုင်ဘက်ဖြစ်ခဲ့သည့် ၀ါရင့်စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်နှင့် တွဲဖက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်ဦးချင်းပွဲစဉ်များအတွက် အီတလီတင်းနစ်သမား ဘယ်ရက်တီနီက အစားထိုးယှဉ်ပြိုင်သွားမည် ဖြစ်သည်။ "ဒါက အရှုပ်အထွေးတွေ မဖြစ်စေချင်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒါပေ မဲ့ ကျွန်တော့်ရဲ့ကန့်သတ်ချက်ကိုလည်း ကျွန်တော်သိပါတယ်။ ကျွန်တော် မကစားဖြစ်တာ ကြာပြီဆိုတော့ စိတ်လှုပ်ရှားနေပါတယ်"ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။

Share: