စီရော်နယ်လ်ဒို ရှိနေလျှင် မန်ယူ ဖလားရမည်မဟုတ်ဟု ပေါလ်မာဆင် ပြောကြား
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အာဆင်နယ်ဂန္ထဝင်ကစားသမား ပေါလ်မာဆင်က မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒိုရှိနေလျှင် ဖလားရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ စီရော်နယ်လ်ဒို (၃၇ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၂၄) ဂိုးသွင်းယူခဲ့သော်လည်း မန်ယူအသင်း ကျရှုံးခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုရာသီတွင်မူ စီရော်နယ်လ်ဒိုအနေဖြင့် တန်ဟက်ဂ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည်။ ပေါလ်မာဆင်က ''ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ဝေဖန်ရတာ အရမ်းခက်ပါတယ်။ စီရော်နယ်လ်ဒိုက ကျွန်တော့်ထက် အဆ (၁၀၀) ကောင်းတဲ့သူပါ။ ဒါပေမဲ့ သူ ရှိနေရင် မန်ယူအသင်း ဘာဖလားမှ ရမှာမဟုတ်ပါဘူး။ စီရော်နယ်လ်ဒိုအနေနဲ့ ဥရောပပြင်ပမှာ ကစားဖို့အတွက်ပဲ စဉ်းစားသင့်ပါတော့တယ်'' ဟု ပြောကြားခဲ့သည်။

Share: