ပြီးခဲ့သည့်ရာသီတွင် ပေါင်(၁၁၅.၅)သန်း အရှုံးပေါ်ခဲ့သည်ဟု မန်ယူ ထုတ်ပြန်
မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ပေါင်(၁၁၅.၅)သန်း အရှုံး ပေါ် ခဲ့ကြောင်း ကြာသပတေးနေ့က အတည်ပြု ကြေညာခဲ့သည်။ မန်ယူအသင်းသည် ဝင်ငွေနှုန်းထား မြင့် တက်လာခဲ့သော်လည်း အရှုံးပေါ် ခဲ့ရခြင်းမှာ ကစားသမားများအတွက် ပေးချေရသည့် လစာငွေပမာဏ များပြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် ကစားသမားများအတွက် ပေးချေရသည့် လစာငွေမှာ ပေါင်(၃၈၄.၂)သန်း ရှိခဲ့သည်။ ယင်းပမာဏမှာ ၂၀၂၀-၂၁ ရာသီက မန်စီးတီးအသင်း၏ ကစားသမားလစာငွေ ပေါင်(၃၅၅)သန်းကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လစာအများဆုံးအသင်းအဖြစ် မှတ်တမ်း ဝင်သွားခဲ့ကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီတွင် စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်း စသည့် ကစားသမားများကို ခေါ်ယူခဲ့ရာတွင် မြင့်မားသည့် လစာနှုန်းထားများ ပေးချေခဲ့ရခြင်းကြောင့် အသုံးပြုရသည့် ကစားသမားလစာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မန်ယူအသင်း၏ ဘဏ္ဍာရေးအရာရှိချုပ် ကလစ်ဖ်ဘာတီကမူ "ဒီရလဒ်က ရာသီကြိုကာလမှာ ခြေစမ်းခရီး မထွက်ရတာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့ နည်းပြအပြောင်းအလဲအတွက် ကုန်ကျစရိတ်တွေလည်း ရှိခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် အကြွေးလည်း ပေါင် သန်း(၅၀၀)ကျော် ရှိလာခဲ့ပြီဖြစ်သည်။