PSG အသင်းနှင့် ပထမဆုံးရာသီတွင် ခက်ခဲခဲ့ပြီး ယခုအခါ မိမိကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဟု မက်ဆီ မှတ်ချက်ပြု
PSG အသင်းသို့ ပထမဆုံး ရောက်ရှိသည့် ၂၀၂၁-၂၂ ဘောလုံးရာသီတွင် ခက်ခဲသည့်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ယခုအခါ မိမိကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ဟွန်ဒူးရပ်စ်အား အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ မက်ဆီသည် ပြီးခဲ့သည့်ရာသီက PSG အသင်းနှင့်အတူ ပြင်သစ်အမှတ်ပေးချန်ပီယံဆု ရယူခဲ့သော်လည်း လိဂ်ဂိုး(၆)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းတွင် ပွဲဦးထွက်ခဲ့သည့် ၂၀၀၄-၀၅ ရာသီကတည်းက လိဂ်သွင်းဂိုး အနည်းဆုံးရာသီလည်း ဖြစ်ခဲ့သည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့် ရာသီတွင် ဂိုးဖန်တီးမှု၌မူ (၁၄)ကြိမ် အထိရှိခဲ့ကြောင်း သိရသည်။ "ကစားတာကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်ကနဲ့တော့ ခြားနားပါတယ်။ ပြီးတော့ ဒီပုံစံသွားရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော့်အတွက် ဆိုးရွားတဲ့အချိန်တစ်ခုဆိုတာ ပြောခဲ့ပြီးပါပြီ။ ကိုယ့်ကိုယ်ကိုလည်း မရှာဖွေနိုင်ခဲ့ဘူး။ လက်ရှိအချိန်မှာတော့ များစွာကွာခြားသွားပါပြီ။ စိတ်ပိုင်းဆိုင်ရာ ခြားနားသွားသလို၊ ကလပ်အသင်း၊ အဝတ်အစားလဲခန်း၊ ပွဲ၊ အသင်းဖော်တွေနဲ့ ပိုပြီးအထိုင်ကျလာပါတယ်။ အမှန်ပြောရင် ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်နေပါတယ်" ဟု မက်ဆီက ပြောကြားခဲ့သည်။

Share: