ရပ်ရှ်ဖို့ဒ်ကို (၅)နှစ်သက်တမ်းတိုးရန် ကြိုးပမ်းနေမှု မအောင်မြင်ခဲ့ပါက စာချုပ်ပါ သဘောတူညီချက်အတိုင်း ခရစ္စမတ်မတိုင်မီ (၁၂)လ သက်တမ်းတိုးမြှင့်မည်
မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို (၅)နှစ်သက်တမ်းတိုးရန် ကြိုးပမ်းနေမှု မအောင်မြင်ခဲ့ပါက စာချုပ်ပါ သဘောတူညီချက်အတိုင်း ခရစ္စမတ်မတိုင်မီ (၁၂)လသက်တမ်းတိုးမြှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။ ရပ်ရှ်ဖို့ဒ်(၂၄ နှစ်)သည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါစာချုပ်၌ နောက်ထပ်(၁၂)လ သက်တမ်းတိုးမြှင့်နိုင်သည့် သဘောတူညီချက် ပါဝင်နေသည်။ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို သက်တမ်းတိုးနိုင်ခြင်းမရှိပါက နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်ပြီး ယင်းအတွက် လာမည့်ဇန်နဝါရီတွင် ပြည်ပကလပ်အသင်းများကလည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု စတင်ပြုလုပ်နိုင်မည်ဖြစ်သည်။ ရပ်ရှ်ဖို့ဒ်ကို ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြီးခဲ့သည့်နွေရာသီကတည်းက သတင်းထွက်ခဲ့ပြီး မန်ယူအသင်းနှင့် ဆွေးနွေးမှုအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ PSG အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် သက်တမ်းရှည်စာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်ခဲ့ပြီး အသင်း၏ ဘောလုံးအကြံပေးအဖြစ် ဆောင်ရွက်နေသည့် လူးဝစ်ကမ်ပို့စ်က ဘာပေနှင့် ရပ်ရှ်ဖို့ဒ်တို့ကို တွဲဖက်ကစားစေရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း ပြင်သစ်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ သို့သော် မန်ယူနည်းပြသစ် တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားရန် လိုလားခဲ့သည့်အတွက် မန်ယူအသင်းက ရောင်းထုတ်ခြင်းမပြုဘဲ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို အသက်(၇)နှစ်အရွယ်ကတည်းက အကယ်ဒမီသို့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၀၀)ကျော် ကစားပေးထားပြီဖြစ်သည်။ ထို့ပြင် အသင်း၏အနာဂတ်အဖြစ် ရည်ရွယ်ထားသည့်ကစားသမားဖြစ်သောကြောင့် (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေသော်လည်း ယခုအချိန်အထိ သဘောတူညီမှု မရရှိသေးပေ။ ထို့ကြောင့် ယင်းအခြေအနေအပေါ် မန်ယူအသင်းတာဝန်ရှိသူများက စိုးရိမ်လာပြီး (၁၂)လသက်တမ်းတိုးမြှင့်ကာ လာမည့်နွေရာသီ၌ ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ရောင်းထုတ်ရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။ PSG အသင်းသည် ပြီးခဲ့သည့်နွေရာသီက ရပ်ရှ်ဖို့ဒ်ကို ယူရိုသန်း(၇၀)ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်ခဲ့ခြင်းကြောင့် မန်ယူအသင်းက ၎င်းတို့၏ ကစားသမားကို အလွယ်တကူ လက်လွှတ်လိုခြင်းမရှိဘဲ ပြောင်းရွှေ့ကြေး ရရှိရန် လိုလားနေခြင်းလည်းဖြစ်သည်။

Share: