ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ပထမဆုံးဖလားလက်မဲ့ဖြစ်ခဲ့သည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း စံချိန်တင်အဖြစ် ယူရို ၂၅၄ သန်း အရှုံးပေါ်
စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ပထမဆုံးဖလားလက်မဲ့ဖြစ်ခဲ့ရသည့် ၂၀၂၁-၂၀၂၂ ရာသီတွင် စံချိန်တင်အဖြစ် ယူရို ၂၅၄ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ၂၀၂၁-၂၀၂၂ ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကို သောကြာနေ့က ပြုလုပ်သည့် ဘုတ်ဒါရိုက်တာ အဖွဲ့အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အထိ စာရင်းအရ ယူရို ၂၅၄ ဒသမ ၃ သန်း အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ယင်းပမာဏမှာ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်အရှုံးပမာဏအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအနေဖြင့် COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဝင်ငွေရရှိမှု လျော့ကျနေဆဲဖြစ်သလို အသင်းအား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သောကြောင့် ကစားသမားခေါ်ယူမှု အပြောင်းအရွှေ့စရိတ်နှင့် လစာပေးချေမှုနှုန်းထား မြင့်တက်လာသဖြင့် စံချိန်တင်အရှုံးပေါ်ခဲ့ခြင်း ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် နည်းပြဟောင်းဖြစ်သူ အယ်လီဂရီကို ပြန်လည်ခန့် အပ်ခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ ကာလ၌ မွိုက်စ်ကိန်း၊ လိုကာတယ်လီတို့ကို အငှားဖြင့်ခေါ်ယူ၍ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ၌ ဗလာဟိုဗစ်ကို ယူရိုသန်း ၇၀၊ ဇာကာရီယာကို ယူရို ၄ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့သည်။ သို့သော် ဂျူဗင်တပ်စ်အသင်း အနေဖြင့် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာသာ ရယူနိုင်ခဲ့ပြီး ကိုပါအီတာလီယာဖလား ပြိုင်ပွဲနှင့် အီတလီစူပါဖလားပြိုင်ပွဲ၌ ဒုတိယ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၁၆ သင်း ရှုံးထွက်အဆင့်အထိသာ ရောက်ရှိခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယင်းကဲ့သို့ ဖလားလက်မဲ့ရာသီ ရင်ဆိုင်ရခြင်းမှာ ၂၀၁၀-၂၀၁၁ ရာသီနောက်ပိုင်း ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ရာသီတွင် ပရိသတ်များ ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရရှိသဖြင့် လက်မှတ်ရောင်းချရမှုဝင်ငွေမှာ ၂၀၂၀-၂၀၂၁ ရာသီတွင်ရရှိခဲ့သည့် ယူရိုရှစ်သန်းထက် မြင့်တက်လာပြီး ယူရို ၃၂ သန်း ရရှိခဲ့သည်။ သို့သော် ယင်းပမာဏမှာ COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၈-၂၀၁၉ ရာသီတွင်ရရှိခဲ့သည့် ယူရို ၇၄ သန်းထက် ရာခိုင်နှုန်း ၅၀ ကျော် လျော့နည်းနေဆဲဖြစ်သည်။ ဖလားလက်မဲ့အခြေအနေကြောင့် ဆုကြေးရရှိမှု လျော့ကျသွားသလို လစာပေးချေမှုအပါအဝင် လုပ်ငန်းလည်ပတ်မှုအသုံးစရိတ်မှာ ၂၀၂၀-၂၀၂၁ ရာသီထက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင့် အရှုံးပမာဏမှာလည်း ယင်းရာသီတွင် အရှုံးပေါ်ခဲ့သည့် ယူရို ၂၀၉ ဒသမ ၉ သန်းထက် ယူရို ၄၄ ဒသမ ၄ သန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းအနေဖြင့် နောက်ဆုံးငါးရာသီဆက်တိုက် အရှုံးပေါ်ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ရာသီတွင် ယူရို ၁၉ သန်း၊ ၂၀၁၈- ၂၀၁၉ ရာသီတွင် ယူရိုသန်း ၄၀၊ ၂၀၁၉-၂၀၂၀ ရာသီတွင် ယူရိုသန်း ၉၀၊ ၂၀၂၀-၂၀၂၁ ရာသီတွင် ယူရို ၂၀၉ ဒသမ ၉ သန်းနှင့် ၂၀၂၁-၂၀၂၂ ရာသီတွင် ယူရို ၂၅၄ ဒသမ ၃ သန်း အရှုံးပေါ်ခဲ့သည်။ ထို့ပြင် ယခု ၂၀၂၂-၂၀၂၃ ရာသီတွင် ဆက်လက် အရှုံးပေါ်နေဦးမည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်း ဘုတ်အဖွဲ့က ခန့်မှန်းထုတ်ပြန်ထားသည်။ ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင်လည်း ရလဒ်ဆိုးများ ရင်ဆိုင်နေရဆဲဖြစ်ပြီး စီးရီးအေပြိုင်ပွဲ၌ ခုနစ်ပွဲကစားအပြီးတွင် ရှုံးပွဲတစ်ပွဲသာရှိထားသော်လည်း နှစ်ပွဲနိုင်၊ လေးပွဲသရေ၊ ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၈ နေရာ ရောက်ရှိနေကာ ဇယားထိပ်ဆုံးမှ နာပိုလီ၊ အတ္တလန်တာအသင်းတို့နှင့် ခုနစ်မှတ်ကွာဟနေသည်။ ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း PSG အသင်းအား အဝေးကွင်း ၌ (၂-၁) ဂိုး၊ ဘင်ဖီကာအသင်းအား အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ထားပြီး အမှတ်မရသေးဘဲ နောက်တစ်ဆင့်တက်ရန် ရုန်းကန်နေရသည်။

Share: