၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုမရရှိပါက နည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဆောက်ဂိတ်ဝန်ခံ
အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းသာ အောင်မြင်မှုမရရှိပါက လက်ရွေးစင်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေကို မိမိ ရင်ဆိုင်ရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ဂျာမနီအသင်းနှင့် ကစားမည့် Nations League ပွဲစဉ်မတိုင်မီတွင် ဆောက်ဂိတ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် ယင်းပွဲစဉ်မတိုင်မီကတည်းက လာမည့်နှစ် Nations League ပြိုင်ပွဲတွင် League B သို့ တန်းဆင်းကစားရရန် သေချာခဲ့ပြီးဖြစ်သည်။ အုပ်စုတွင်းပွဲစဉ်များတွင် အင်္ဂလန်အသင်းသည် အရှက်တကွဲရလဒ်များနှင့် ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းပွဲစဉ် (၅) ပွဲကစားပြီးချိန်၌ ရမှတ် (၂)သာ ရရှိခဲ့သည်။ ထို့ ပြင် ပိုမိုဆိုးရွားသည့်အချက်မှာ ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် အုပ်စုတွင်း အားအနည်းဆုံးအသင်းဟု သတ်မှတ်ခံထားရသည့် ဟန်ဂေရီအသင်းနှင့် ပွဲစဉ် (၂)ပွဲ တွင် (၆)မှတ်ပေးခဲ့ရခြင်းဖြစ်သည်။ ဟန်ဂေရီမြေတွင် ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို၊ အိမ်ကွင်းတွင် ကစားခဲ့သည့် ဒုတိယအကျော့ပွဲစဉ်တွင်လည်း (၀-၄) ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် နောက်ဆုံးကစားခဲ့သည့် အီတလီအသင်းနှင့် ပွဲစဉ်တွင်လည်း ဂိုးပေါက်ထပ်မံပျောက်ဆုံးကာ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲစဉ်မကုန်ဆုံးမီပင် တန်းဆင်းကစားရရန် သေချာသွားခဲ့ခြင်းလည်းဖြစ်သည်။ ဆောက်ဂိတ်သည် အင်္ဂလန်အသင်းအား ပြိုင်ပွဲကြီးနှစ်ရပ်တွင် ကျေနပ်ဖွယ်ရလဒ်ကောင်းများ ရယူပေးနိုင်ခဲ့ပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခြင်းကို ခံထားရသူဖြစ်ပြီး ယခုအချိန်တွင်မူ ကာတာကမ္ဘာ့ဖလားတွင် ရလဒ်မကောင်းပါက ရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေကို မိမိ နားလည်လက်ခံထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''စာချုပ်တွေက မန်နေဂျာတစ်ဦးကို ဒီအသင်းမှာ နောက်ထပ် (၃) နှစ်၊ (၄)နှစ်၊ (၅) နှစ် ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောတော့ သက်ရောက်ပါတယ်။ ဒါပေမဲ့ အသင်းက ရလဒ်မကောင်းဘူးဆိုရင်တော့ ဒီစာချုပ်သက်တမ်းတွေက အရေးမပါတော့ပါဘူး။ ရလဒ်တွေ မကောင်းတဲ့အခါ လမ်းခွဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ကျွန်တော် နားလည်လက်ခံထားပါတယ်''ဟု ဆောက်ဂိတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းက ''တခြားနည်းပြတွေနဲ့ ကျွန်တော်က ဘာများကွာခြားနေမှာမို့လို့လဲ။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းက ကျွန်တော့်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဘဝကို အပြည့်အဝ ကာကွယ်ပေးထားတယ်လို့ ယုံကြည်နေလောက်အောင် ကျွန်တော် မရူးမိုက်ပါဘူး။ ဒါပေမဲ့ အသင်းမှာ ရှိနေသမျှ ရလဒ်ကောင်းတွေ ပြန်ယူဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟုလည်း ဆိုခဲ့သည်။

Share: