မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသည့် City Football Group က (၁၃)သင်းမြောက်အဖြစ် ဘရာဇီးလ်ကလပ် ဘာဟီယာကို ဝယ်ယူရန်စီစဉ်
မန်စီးတီးအသင်းအား ပိုင်ဆိုင်ထားသည့် City Football Group သည် ဘရာဇီးလ်ကလပ် ဘာဟီယာအသင်းကို ဝယ်ယူရန်စီစဉ်နေပြီး ၎င်းတို့အတွက် (၁၃)သင်းမြောက် ပိုင်ဆိုင်သည့်အသင်း ဖြစ်လာမည်ဟု သိရသည်။ City Football Group ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့အပြား၌ ဘောလုံးကလပ်အသင်းများ လိုက်လံဝယ်ယူခဲ့ရာ ဘာဟီယာအသင်းမတိုင်မီ (၁၂)သင်းရှိနေပြီး နိုင်ငံအလိုက်ဆိုပါက အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ စပိန်၊ ဥရုဂွေး၊ တရုတ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့မှ ကလပ်အသင်းများဖြစ်သည်။ City Football Group သည် ကလပ်အသင်းတိုင်းကို အပြည့်အဝပိုင်ဆိုင်နိုင်ခြင်းမဟုတ်ဘဲ ရာခိုင်နှုန်းအားဖြင့်သာ ပိုင်ဆိုင်မှုများလည်း ပါဝင်ခဲ့သော်လည်း ၎င်းတို့၏ ဘောလုံးကွန်ရက်အား ကမ္ဘာ့အနှံ့ ဖြန့်ကြက်လိုသည့် ရည်ရွယ်ချက်မှာမူ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ City Football Group သည် ဘရာဇီးလ်ဒုတိယတန်းကလပ်အသင်းဖြစ်သည့် ဘာဟီယာအသင်းကို ပေါင်(၁၇၅) သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းထားပြီး သဘောတူညီမှုရရှိရန် သေချာသလောက်ဖြစ်နေပြီဟု သိရသည်။ ယခင်က ဘရာဇီးလ်နိုင်ငံမှ ကလပ်အသင်းများအား ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုဟု ဥပဒေပြဌာန်းထားခဲ့ပြီး ယခု အဆိုပါဥပဒေအား အပြောင်းအလဲပြုလုပ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် City Football Group က ဘာဟီယာအသင်းကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဘရာဇီးလ်ချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည့် အဆိုပါအသင်း၏ ရှယ်ယာ(၉၀) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိရန် City Football Group က မျှော်လင့်နေပြီး အသင်းအဖွဲ့ဝင်များ လက်ခံပြီးနောက်မှ (၅%) ထပ်မံဝယ်ယူရန် ရည်ရွယ်ထားကြောင်း Manchester Evening News သတင်းစာက ဖော်ပြခဲ့သည်။ မန်စီးတီးအသင်းသည် ကလပ်အသင်းများစွာကို ယခုကဲ့သို့ ပိုင်ဆိုင်ခြင်းဖြင့် တစ်သင်းနှင့်တစ်သင်း အထောက်အကူပြုကာ ဘောလုံးစီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်ပေါ်လာရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်မှာ အားကစားသမားများ တားမြစ်ဆေးသုံးစွဲ၍ ယှဉ်ပြိုင်သည်နှင့် တူညီနေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ ထို့ပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုအောက် ရောက်ရှိခဲ့သည့် ကလပ်အသင်းအချို့၏ ပရိသတ်များက City Football Group ကို ဆန့်ကျင်ကန့်ကွက်နေကြောင်း သိရသည်။ ဘရာဇီးလ်နိုင်ငံမှ ကလပ်အသင်းအများစုမှာ ဘဏ္ဍာရေးပြဿနာများ ရှိနေကြပြီး ယခု ဘာဟီယာအသင်းမှာလည်း ငွေကြေးအခက်အခဲကြောင့် ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ပြီး အသင်းဥက္ကဋ္ဌဖြစ်သူမှာ ပြီးခဲ့သည့် ဧပြီလကတည်းက မန်စီးတီးအသင်းတာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့သည်။ City Football Group သည် ကလပ်အသင်းများ ဝယ်ယူခြင်းအပြင် မိတ်ဖက်အသင်းအဖြစ် လက်တွဲမှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Share: