ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် သေဆုံးခဲ့သည့် အလုပ်သမားမိသားစုများမှ လျော်ကြေး ပေါင်သန်း(၃၀၀)ကျော်ပေးရန် တောင်းဆို
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးကွင်းဆောက်လုပ်ရေးတွင် သေဆုံးခဲ့သည့် အလုပ်သမားမိသားစုများမှ လျော်ကြေး ပေါင်သန်း(၃၀၀)ကျော်ပေးရန် ကာတာအစိုးရနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။ မိသားစုဝင်များ တောင်းဆိုသည့် ငွေကြေးပမာဏမှာ ပေါင်(၃၃၈)သန်း အထိရှိပြီး ယင်းမှာ ပြိုင်ပွဲတစ်ရပ်လုံး ချီးမြှင့်မည့်ဆုကြေးပမာဏနှင့် တူညီလုနီးပါးရှိနေသည်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်သမားများ သေဆုံးမှုများနှင့်ပတ်သက်ပြီး ကိန်းဂဏန်းအရေအတွက်မှာလည်း ကွဲဲပြားမှုများ ရှိနေကြောင်း သိရသည်။ ဗြိတိန်သတင်းစာ Daily Mail က နောက်ဆုံးထုတ်ပြန်သည့်စာရင်းတွင် ကမ္ဘာ့ဖလားလုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားအလုပ်သမား (၂၈၂၃)ဦး သေဆုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်က Guardian မှ ထုတ်ပြန်သည့် စာရင်းတွင် နိုင်ငံခြားသားအလုပ်သမား အနည်းဆုံး(၆၇၅၀)ဦးအထိ သေဆုံးခဲ့ကြောင်း ရေးသားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစည်း၏ကြေညာချက်တွင်မူ ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း ကာတာနိုင်ငံသား မဟုတ်သည့် သေဆုံးသူဦးရေမှာ (၁၅၀၂၁)ဦးအထိရှိကြောင်း ကာတာအာဏာပိုင်များ ထုတ်ပြန်သည့်အချက်အလက်များကို ကိုးကားပြီး ဖော်ပြခဲ့သည်။ ကာတာအစိုးရမှ တရားဝင်ထုတ်ပြန်သည့်စာရင်းတွင် ၂၀၁၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ဖလားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ အလုပ်သမားဦးရေမှာ (၃)ဦးသာရှိခဲ့ကာ အခြား(၃၆)ဦးမှာ ကမ္ဘာ့ဖလားနှင့်မသက်ဆိုင်သည့် လုပ်ငန်းခွင်တွင် သေဆုံးမှုဟု ဖော်ပြခဲ့သဖြင့် အချက်အလက်များမှာ များစွာကွာဟလျက်ရှိသည်။

Share: