နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပိုကောင်းသည့်အသင်းကိုမြင်တွေ့ရမည်ဟု အီတလီနည်းပြ မန်စီနီ ကြုံးဝါး
၂၀၂၂-၂၃ ဘောလုံးရာသီ UEFA Nations League နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရပြီးနောက် အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီက လာမည့်နှစ် ဇွန်လတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ယခုထက်ပိုကောင်းသည့်အသင်းကို တွေ့ မြင်ရမည်ဟု ကြုံးဝါးခဲ့သည်။ အီတလီအသင်းသည် အဆုံးအဖြတ်ပွဲစဉ်တွင် ဟန်ဂေရီအသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ရက်စပါဒိုရီ(၂၇ မိနစ်)၊ ဒီမာကို (၅၂ မိနစ်)တို့က အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်သည်။ အီတလီအနေဖြင့်League A Group 3 တွင် ဂျာမနီ၊ အင်္ဂလန်၊ ဟန်ဂေရီ အသင်းများနှင့်အတူ မရဏအုပ်စုထဲကျခဲ့ပြီး ခြောက်ပွဲကစားရာတွင် သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၁၁ မှတ်ဖြင့် နောက်ဆုံးအဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ "နောက်ဆုံးအဆင့်ပြိုင်ပွဲ ဝင်ခွင့်ရတာကို အသင်းက အရမ်းကောင်းနေပြီလို့ သဘောမထားပါဘူး။ ဒါပေ မဲ့ ဇွန်လမှာ အခုထက်ပိုကောင်းတဲ့အသင်းကို မြင်ရဖို့ရှိပါတယ်"ဟု မန်စီနီက ဟန်ဂေရီနှင့် ပွဲအပြီးတွင် ပြောကြားသည်။ ထို့ပြင် မန်စီနီက အသင်းတိုက်စစ်ပိုင်းတွင် ရက်စပါဒိုရီ၊ နွန်တို စသည့် လူငယ်ကြယ်ပွင့်များ ပေါ်ထွက်လာသည့်အတွက် အနာဂတ်အတွက် ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ဟန်ဂေရီနှင့်ပွဲတွင် လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်ခဲ့သည့် ဂိုးသမား ဒွန်နာရမ်မာကိုလည်း ချီးကျူးခဲ့ သည်။ Nations League နောက်ဆုံးအဆင့် ပြိုင်ပွဲကို နယ်သာလန်က အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး UEFA က မကြာမီ တရားဝင်ကြေညာဖွယ်ရှိသည်။

Share: