အောက်တိုဘာ ၃ ရက်စတင်မည့် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက စီစဉ်ကျင်းပမည့် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်သည် အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရေး အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီးတွင် ပြိုင်ပွဲဝင်ခုနစ်သင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။ လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းသစ် နှစ်သင်း ထပ်တိုးလာပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ငါးသင်း ပြန်လည် ယှဉ်ပြိုင်မည်ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ရာသီ ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်း၊ မြဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ အားကစားနှင့် ကာယပညာအသင်း၊ YERO အသင်းတို့ ပြန်လည် ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းသစ်အဖြစ် Young Lionesses အသင်းနှင့် တနသာင်္ရီ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ Young Lionesses အသင်းသည် မြန်မာ ယူ-၁၆ အမျိုးသမီးလက်ရွေးစင်အသင်းဖြစ်ပြီး ရွေးချယ်ထားသည့် ကစားသမားများ ပြိုင်ပွဲအတွေ့ အကြုံရစေရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် သည်။ ယခင်က မြန်မာ ယူ-၁၈ အမျိုးသမီး လက်ရွေးစင်အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ရွေးချယ်ထားသည့် ပဏာမလက်ရွေးစင်ကစားသမား အများစုမှာ သက်ဆိုင်ရာကလပ်များတွင် ပြန်လည်ကစားမည်ဖြစ်ပြီး ကစားသမားအရေ အတွက် မလုံလောက်သဖြင့် မယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ တနင်္သာရီအသင်းမှာမူ ပုဂ္ဂလိက အသင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးဆန်းဒေးသိန်းက အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် ဇွဲကပင်၊ ဂန္ဓမာနှင့် တက္ကသိုလ်အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတော့ဘဲ ငါးသင်းသာ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ လာမည့် ၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်ဇယားကို မကြာမီ ထုတ်ပြန်မည်ဖြစ်သည်။ ပြိုင်ပွဲကို သုဝဏ္ဏ လေ့ကျင့်ရေးကွင်း-၁ နှင့် M-3 ကွင်းတို့တွင် ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပ ခဲ့ပြီး သုံးရာသီကျင်းပပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေ များကြောင့် မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် သုံးရာသီတွင် အသင်းနှစ်သင်းသာ ဗိုလ်စွဲထားပြီး ၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇ -၂၀၁၈ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၈- ၂၀၁၉ ရာသီတွင် အားကာသိပ္ပံအသင်း ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပြန်လည်ကျင်းပမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းသစ်အချို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲစတင်ခါနီးမှ အဆင်မပြေသဖြင့် ယှဉ်ပြိုင်ခွင့် မရခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ချန်ပီယံဆုရရှိသည့်အသင်းမှာ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကပြုလုပ်မည့် အာရှအဆင့် အမျိုးသမီးကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

Share: