အေဘရာမိုဗစ်ချ်လက်ထက်က လူဟောင်းများကို ချယ်လ်ဆီး ရှင်းထုတ်နေပြီး (၁၇)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ကာယကုထုံးပညာရှင်ကို ထုတ်ပယ်
ချယ်လ်ဆီးပိုင်ရှင်သစ်များဖြစ်သည့် တော့ဒ်ဘိုလီနှင့်အဖွဲ့သည် အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်က လူဟောင်းများကို ဆက်တိုက်ရှင်းထုတ်နေပြီး ယခုအခါ အသင်းတွင် (၁၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ၀ါရင့်ကာယကုထုံးပညာရှင် သီယာရီလောရင့်အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းထိပ်တန်းတာဝန်ရှိသူများသည် အသင်းတွင် (၁၇)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် လောရင့်နှင့် (၁၁)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အသင်းကျန်းမာရေးဌာန ဒါရိုက်တာ ဒေါက်တာ ပါကိုဘိုင်ယိုစကာတို့ကို Zoom မှတစ်ဆင့် ရာထူးမှထုတ်ပယ်ကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ တော့ဒ်ဘိုလီနှင့်အဖွဲ့သည် ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက် အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်က လူဟောင်းများကို ရှင်းထုတ်ရာတွင် ၎င်းတို့နှစ်ဦးလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။ လောရင့်သည် ပြင်သစ်လက်ရွေးစင်အသင်းတွင် ကာယကုထုံးပညာရှင်အဖြစ် (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းတွင် ကနဦးက ပထမအသင်းကစားသမားများ၏ ကြံ့ခိုင်မှုကို ဂရုစိုက်ပေးရသော်လည်း ၂၀၁၄ ခုနှစ်တွင် ကာယထုကုံးအဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူများသည် လောရင့်နှင့် ဘိုင်ယိုစကာတို့အား ရာထူးမှထုတ်ပယ်ပြီးနောက် အသင်းကျန်းမာရေးဌာနကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းပိုင်ရှင်သည် အသင်းပိုင်ဆိုင်မှုရက် (၁၀၀) ပြည့်တွင် နည်းပြ တူဟယ်လ်ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နွေကလည်း အသင်းဥက္ကဋ္ဌ ဘရုဘက်ခ်၊ အားကစားဒါရိုက်တာ ဂရာနော့ဗ်စကီယာ၊ နည်းစနစ်နှင့် စွမ်းဆောင်မှုအကြံပေး ပီတာချက်တို့လို အေဘရာမိုဗစ်ချ်လက်ထက်က ထိပ်တန်းလူဟောင်းများကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

Share: